ရိုးသားလျှင် မျှတမှုရှိလာတယ် ။ မနက် မိုးလင်းပြီဆိုရင် လုပ်ငန်းရှိတဲ့နေရာကို သူ သွားတယ် ။ အဲဒီမှာ လုပ်ငန်း လုပ်ဖော်ကိုင်ဖက်တွေ စုပြီးတော့ အလုပ်အကိုင်ကိစ္စတွေ ပြောကြတယ် ။ အရင်တုန်းကဆိုရင် ကိုယ့်အတွက်
မတရား များများ လိုချင်တယ် ။ သူများအတွက်တော့ နည်းလေ ကောင်းလေလို့ ဒီလို တွေးထားတယ်နော် ။ အခု တရားအားထုတ်လာပြီးတဲ့ နောက်ပိုင်းမှာ ကိုယ့်ဖို့ သူ့ဖို့ မျှပြီးတော့ တွေးလာတယ် ။ ရိုးရိုးသားသားပဲ တွေးတယ် ။
မရိုးမသား တွေးတဲ့သူဟာ ခေါင်းပူအောင် စဉ်းစားရတယ် ။ “ ဘယ်လို လှည့်ရမလဲ ၊ ဘယ်လိုညာရမလဲ ၊ ကိုယ့်ဖို့ များများကျန်အောင် ဘယ်လို လုပ်ရမလဲ ၊ ”ဆိုတာ အများကြီး တွေးရတယ် ။ ရိုးရိုးသားသား တွေးတဲ့သူဟာ ဒီလောက်ခေါင်းပူအောင် တွေးဖို့လည်း မလိုတော့ဘူး ။ “သူ့အတွက်လည်း ကျန်ပါစေ ၊ ကိုယ့်အတွက်လည်း သင့်ရုံလောက် ရရင် တော်ပါပြီ ။ ” အဲဒီလို အရင်တုန်းကလောက် လောဘမကြီးတဲ့အခါမှာ အရင်လောက် စဉ်းစားဖို့ မလိုတော့ဘူး ။ အရင်လောက် စိတ်မပင်ပန်းတော့ဘူး ။
ရိုရိုးသားသား လုပ်ရင် စိတ်ပင်ပန်းမှု သက်သာတယ် ။ စိတ်ပင်ပန်းမှု နည်းတယ် ။ မရိုးမသားလုပ်ရင် စိတ်ပင်ပန်းမှုဟာ ပိုပြီးတော့ အားကြီးတယ် ။
#ဆရာတော်ဦးဇောတိက

image