◾️စံနှုန်း နှစ်မျိုးကို ရပ်တန့်ပြီး အစ္စရေးအား ဒဏ်ခတ်ကြရန် ကာတာဝန်ကြီးချုပ်ပြောကြား
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စံနှုန်းနှစ်မျိုးကျင့်သုံးနေခြင်းကို ရပ်တန့်ပြီး အစ္စရေးအား ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ဒဏ်ခတ်ကြရန် ကာတာဝန်ကြီးချုပ် ရှိက်မို ဟမ် မက် ဘင်အဗ္ဗဒူရာမန်အယ်လ်သာနီက တိုက်တွန်းပြောကြားလိုက်သည်။
မကြုံစဖူး လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြင့် အစ္စရေးက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ရှိနေသည့် ဟားမားစ်ခေါင်းဆောင်များအား တိုက်ခိုက်ခဲ့ပြီးနောက် ကာတာ က ဦးဆောင်ကျင်းပမည့် အာရပ်နှင့်အစ္စလာမစ် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နေချိန်၌ ရှိက်မိုဟမ်မက် က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စံနှုန်း နှစ်မျိုးကျင့်သုံးနေတာကို ရပ်တန့်ပြီး သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အစ္စရေးကို ဒဏ်ခတ်ကြဖို့ အချိန်တန်ပါပြီ။ ဒါ့အပြင် ကျွန်တော်တို့နဲ့ညီအစ်ကိုတွေလို ဖြစ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို သူတို့ရဲ့နယ်မြေထဲကနေ မောင်းထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ အဆုံးသတ်ပစ်ရေး စစ်ပွဲက အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာကို အစ္စရေးနိုင်ငံက သိရှိထားရပါမယ်။” ဟု ကာတာဝန်ကြီးချုပ်က ပြောသည်။
အာရပ်နှင့်အစ္စလာမ်မစ် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ကာတာနိုင်ငံအပေါ် အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် ထုတ်ပြန်ရန် စဉ်းစားသွားကြမည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားသည်။
အာရပ်ခေါင်းဆောင်များအစည်းအဝေးသို့ အီရန်သမ္မတ မာဆွတ်ပီဇက်ကီယန် နှင့်အီရတ်ဝန်ကြီးချုပ် မိုဟမ်မက်ရှီးယားအယ်လ်ဆူဒါနီ တို့လည်း တက်ရောက်ကြမည်ဖြစ်ကာ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ဒိုဟာမြို့သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ တူရကီသမ္မတ တေရစ်အာဒိုဂန်လည်း တက်ရောက်မည်ဟု မျှော်လင့်ကြောင်း တူရကီမီဒီယာများက ဖော်ပြကြသည်။
ကာတာ ထိပ်သီးအစည်းအဝေးသို့ ဩဇာကြီးသော ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆယ်လ်မန် တက်ရောက်မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့ရာတွင် ၎င်းက ယခုသီတင်းပတ်စောစောပိုင်းမှာပင် ကာတာနိုင်ငံသို့ သွားရောက်ခဲ့ကာ အိမ်နီး ချင်းသွေးစည်းမှုကို ပြသခဲ့သည်။
အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ အကြီးမားဆုံး စစ်စခန်းအား လက်ခံထားသော ကာတာသည် အစ္စရေး-ဟားမားစ်စစ်ပွဲတွင် အမေရိကန်၊ အီဂျစ်တို့နှင့်အတူ အရေးပါသော အခန်းကဏ္ဍ မှ ကြားဝင်စေ့စပ်ပေးနေသူဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား- AFP
#နိုင်ငံတကာသတင်း
