ရှမ်း/တောင်မှာ ဂေါ်ရခါးသီးတလုံး ၂၅ ကျပ်သာရလို့ တောင်သူတွေအရှုံးပေါ်
စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းသီးနှံစျေးကွက်မှာ ဂေါ်ရခါးသီးတလုံးကို ၂၅ ကျပ်သာရရှိတာကြောင့် တောင်သူတွေမှာ တွက်ခြေမကိုက်ဘဲ အရှုံးနဲ့ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။
ဂေါ်ခါးသီးတလုံး ၂၅ ကျပ်နူန်းဆိုတာဟာ ပွဲရုံအရောက်ရောင်းချမှရရှိတဲ့စျေးဖြစ်ကြောင်း ၊ ခြံအထိ လာရောက်ဝယ်ယူပေးပါက ၂၅ ကျပ်ထက်နည်းတယ်လို့သိရပါတယ်။
ပွဲရုံကို အိမ်က ကားနဲ့သွားပို့ရတာပါ။ ခြံထိလာ၀ယ်တဲ့ ပွဲစားငယ်တွေဆို
၁၅ ကျပ်လောက်ပဲပေးမယ်ထင်တယ်။ အခုလမှာပိုပြီးကျသွားတာ။၂၅ ကျပ်ပဲရှိတော့တာ။မိုးကလည်းရွာတယ်။ ဘယ်လောက်အထိကျအုံးမလဲမသိဘူး။ အထွက်များလာလေစျေးကကျလေပဲ။ အရင်းကကြီးတယ်။ဝါးဝယ်ရတာ၊သံကြိုးခွေကလည်းစျေးတက်၊တိုင်တူရတယ်။ အလုပ်သမားခတွေ၊မျိုးဖိုး၊နွားချေး၊မြေဩဇာ၊ပေါင်းသတ်ဆေး အကုန်သုံးရတာစျေးတက်တယ်။စျေးပြန်တက်လာရင်တော်အုံးမယ်ရှင်။" လို့ အောင်ပန်းမြို့နယ်မှ ဂေါရခါးသီးစိုက်ပျိုးသူတယောက်ကပြောပါတယ်။
ယခု စက်တင်ဘာလမှာ ဂေါ်ရခါးသီးအထွက်နူန်းများပြားလာခြင်းကြောင်း ရောင်းလိုအားများတဲ့အတွက် စျေးကွက်ကျလာခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လလောက်တုန်းက ဂေါ်ရခါးသီတလုံးကို ၇၀ မှ ၈၀ ကျပ်လောက်ရှိပြီး အဲဒီအရင်ကာလတွေတုန်းကဆိုရင် ဂေါ်ရခါးသီးစတင်ပေါ်ချိန်မှာတုန်းကဆိုရင်အမြင့်ဆုံး တလုံးကို ၃၀၀ ကျပ်အထိရှိခဲ့တယ်လို့သိရပါတယ်။
" အစောထွက်တဲ့အခင်းတွေကစျေးကောင်းရတယ်။ တလုံးကို ၃၀၀ ရတယ်။နောက်ပိုင်း အထွက်ကလေးရှိလာတော့ ၂၅၀ ၊၂၀၀ ၊၁၅၀ ဆိုပြီး ကျလာတာ အခု ၂၅ ကျပ်အထိပဲ။အထွက်ညီလာလေ များလာလေကျလေပဲ။အစောဆုံးစျေးကောင်းရတာတွေက ရေလောင်းစိုက်တဲ့အခင်းတွေပေါ့။" လို့ သူကထပ်မံပြောပါတယ်။
ဂေါ်ရခါးသီးကို ဆီးနှင်းမကျမခြင်း သုံးရက်ခြားတကြိမ်ခူးဆွတ်ရပြီး ရောင်းချတဲ့အခါ ဂေါ်ရခါးသီး အလုံး ၆၀ ပါတအိတ်စီထည့်ရောင်းချခြင်းဖြစ်ကြောင်း ၊ အလုံး ၆၀ ပါတအိတ်ကိုမှ ငွေကျပ် ၁၅၀၀ သာရရှိတဲ့အတွက် စိုက်ခင်းပိုင်ရှင်တွေမှာ အလုပ်သမားပင်ငှားရမ်းခူးဆွတ်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
ဂေါ်ခါးသီးစျေးကျဆင်းမှုကြောင့် စိုက်ပျိုးတဲ့တောင်သူတွေမှာ ဂေါ်ရခါးသီးအလုံး ၆၀ ပါတအိတ်ကိုမှ ၁၅၀၀ ကျပ်သာရရှိပြီး ကုန်စည်ဒိုင်တွေကပြန်လည်ရောင်းချရမှာတော့ အလုံး ၅၀ ပါတအိတ်ကို ၁၀၀၀၀ ကျပ်နူန်းရှိနေတယ်လို့သိရပါတယ်။
" ကျွန်တော်တို့က အကြီးအသေး ပြန်ရွေးရတယ်။ကုန်စိမ်းဖြစ်လို့ အပုတ်အပယ်အတွက်ပါ တွက်ပြီးစျေးတင်ရတာရှိတယ်။ကုန်စိမ်းဆိုတာက ရက်ကြာလေ ရောင်းရခက်လေပဲ။ " လို့အောင်ပန်း ကုန်စိမ်းပွဲရုံပိုင်ရှင်တယောက်ကပြောပါတယ်။
ဂေါ်ရခါးသီးစိုက်ပျိုးရာ ရှမ်းတောင်ဒေသမှာ ဂေါ်ရခါးသီးစျေးကျဆင်းနေပေမယ့် ပြည်မဘက်မှာတော့ ဂေါ်ရခါးသီး အသေးတလုံးကိုပင် ၅၀၀ ကျပ်ကှိပြီး အကြီးက တလုံးကို ၈၀၀ ကျပ်ရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ဒေသခံ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
