ဗိုက်ခွဲမွေးတဲ့ကိုယ်ဝန်ဆောင် သေဆုံးမှု ခွဲစိတ်ခဲ့တဲ့ ဒလမြို့က ပုဂ္ဂလိကဆေးခန်းကို ကျန်းမာရေးဝန်ကြီးဌာန အမှုဖွင့်
စက်တင်ဘာ ၁၆
ရန်ကုန်တိုင်း၊ ဒလမြို့မှာ ကိုယ်ဝန်ကို ဗိုက်ခွဲမွေးခဲ့တဲ့အမျိုးသမီးတစ်ဦး ခွဲစိတ်ကုသမှုခံယူပြီး နောက်တစ်ရက်မှာ သေဆုံးခဲ့တာကြောင့် ခွဲစိတ်မှုလုပ်ခဲ့တဲ့ ပုဂ္ဂလိက အထူးကုဆေးခန်းကို ဒလမြို့နယ်ကျန်းမာရေးဌာနက ပိတ်ခိုင်းလိုက်ပြီး အမှုဖွင့်ထားတယ်လို့ ဒီအကြောင်းသိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးခဲ့သူဟာ အသက် ၃၃ နှစ်အရွယ် မအိအိအေးဆိုသူဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပါတယ်။
မအိအိအေးဟာ ပိတ်သိမ်းခံလိုက်ရတဲ့ဆေးခန်းမှာ စက်တင်ဘာလ ၄ ရက်တုန်းက ရင်သွေးကို ခွဲစိတ်မွေးဖွားခဲ့ပြီး နောက်တစ်ရက်အကြာ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူချိန် သေဆုံးသွားခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
မအိအိအေးဟာ ခွဲခန်းထဲက ထွက်လာပြီးတဲ့နောက် သားအိမ်ကနေ သွေးသိရပဆက်တိုက်ဆင်းနေခဲ့ပြီး သွေးထွက်လွန်တဲ့အထိ ဖြစ်လာတာကြောင့် ခွဲစိတ်ပေးခဲ့တဲ့ သားဖွားဆရာဝန်(အိုဂျီ)ကို ပြောပြပြီး ကုသပေးဖို့ လူနာရှင် (မအိအိအေးရဲ့ အစ်မဖြစ်သူ) က အကူအညီတောင်းခဲ့ပေမဲ့ ဆရာဝန်က ဖြစ်ရိုးဖြစ်စဉ်အခြေအနေတစ်ခုလို့သာ တုံ့ပြန်ခဲ့တယ်လို့ သေဆုံးခဲ့သူနဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။
မအိအိအေးဟာ သွေးဆင်းတဲ့အခြေအနေ ပိုဆိုးလာတာကြောင့် စက်တင်ဘာ ၄ ရက်ညပိုင်းမှာပဲ မြို့နယ်လူမှုကူညီရေးအဖွဲ့တစ်ခုရဲ့လူနာတင်ကားနဲ့ ဗဟိုအမျိုးသမီးဆေးရုံမှာ တက်ရောက်ကုသမှုခံခဲ့ရပါတယ်။
ဗဟိုအမျိုးသမီးဆေးရုံရောက်ပြီးနောက် ကျန်းမာရေးအခြေအနေအရ သားအိမ်ထုတ်ဖို့လိုတာကြောင့် နောက်တစ်ကြိမ် ခွဲစိတ်ခန်းဝင်ခဲ့ရပြီး စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။
ကွယ်လွန်သူ မအိအိအေးရဲ့ စျာပနကိုတော့ စက်တင်ဘာ ၇ ရက်နေ့ကတည်းက ဒလမြို့၊ ဓနိတော သုသာန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တစ်ဖက်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ဒလမြို့နယ်ဆေးရုံအုပ်က ကနဦးခွဲစိတ်မှုပြုလုပ်ခဲ့တယ်လို့ဆိုတဲ့ ဒလမြို့က အထူးကုဆေးခန်းရဲ့ ပိုင်ရှင်ကို ပုဒ်မ ၃၀၄ (လူသေမှု)နဲ့ ဒလရဲစခန်းမှု အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
