❝မယားငယ်နဲ့ ထွက်ပြေးသွားတဲ့ လင်ယောကျ်ားက ရဲကိုဖုန်းဆက်တိုင်လို့ ၁ သောင်းတန်ငွေစက္ကူအတုတွေ ထုတ်လုပ်သုံးစွဲနေတဲ့ ဇနီးဖြစ်သူ အဖမ်းခံရ❞
စက်တင်ဘာ ၁၅
အိမ်အကူကို မယားငယ်အဖြစ် ခိုးယူထွက်ပြေး ပေါင်းသင်းနေတဲ့ လင်ယောကျ်ားဖြစ်သူရဲ့ ဖုန်းဆက်တိုင်တန်းမှုကြောင့် ၁ သောင်းတန် ငွေစက္ကူအတုတွေ ထုတ်လုပ်သုံးစွဲနေတဲ့ ဇနီးဖြစ်သူအမျိုးသမီး အဖမ်းခံရတဲ့ဖြစ်စဥ်တစ်ခု မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသမီးက ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ၅ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် မမြူလင်းလင်း ဆိုသူဖြစ်တယ်လို့ သိရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက သူ့ရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု အရွက်ပေါင်း ၁၂၀၀ ကျော်အပြင် ငွေစက္ကူအတု ထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ သူမဟာ ငွေစက္ကူအစစ်နီးပါးဖြစ်အောင် အထူးပြုပြင်ထားတဲ့ စက္ကူအမျိုးအစားနဲ့ ကာလာပရင်တာကို အဓိကအသုံးပြုပြီး ငွေစက္ကူအတုတွေ ထုတ်လုပ်သုံးစွဲနေတာဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာကြောင့် လက်ရှိမှာ ၎င်းအမျိုးသမီးကို ရေးမြို့မ ရဲစခန်းက (ပ)အမှတ် ၃၁ /၂၀၂၅ နိုင်ငံတော် ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw


