❝လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ကို စက်တင်ဘာ ၂၂ ရက်နေ့ သတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်များကို တိုးမြှင့်သတ်မှတ်❞
စက်တင်ဘာ ၁၅
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်များကို ပြန်လည်ပြင်ဆင်၍ တိုးမြှင့်သတ်မှတ်လိုက်သလို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ကိုလည်း စက်တင်ဘာ ၂၂ ရက်နေ့ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စက်တင်ဘာ ၁၄ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါပြင်ဆင်မှုတွင် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်မှာ ယခင်ကြေညာထားသည့် (စက်တင်ဘာ ၈ ရက်) အတိုင်း အပြောင်းအလဲမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံး နေ့ရက်သည် ယခင်က ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ရာမှ ယခုအခါ စက်တင်ဘာ ၁၇ ရက်သို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်ထားသည်။
အလားတူ PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စတင် အစားထိုး ပြန်လည်တင်သွင်းရမည့် နေ့ရက်သည် ယခင်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်ဖြစ်သော်လည်း ယခုအခါ စက်တင်ဘာ ၁၈ ရက်သို့ တိုးမြှင့်လိုက်သလို နောက်ဆုံး နေ့ရက်ကိုလည်း ယခင်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက် သတ်မှတ်ခဲ့ရာမှ ယခုအခါ စက်တင်ဘာ ၂၂ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်သည်ကို တွေ့ရသည်။
ထို့ပြင် ယခင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေရက်ကို ထည့်သွင်းကြေညာထားခြင်းမရှိခဲ့ဘဲ ယခုပြင်ဆင်လိုက်သည့် ကြေညာချက်တွင် စက်တင်ဘာ ၂၂ ရက်ဖြစ်ကြောင်း ထည့်သွင်းကြေညာခဲ့သည်။
ထို့အတူ ယခင်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့် နေ့ရက်သည် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ဖြစ်ကြောင်း သတ်မှတ်ထားရာမှ ယခုအခါ စက်တင်ဘာ ၂၃ ရက်အထိ တိုးမြှင့်သတ်မှတ်ကာ နောက်ဆုံးနေ့ရက်မှာတော့ ယခင်ကအတိုင်း အပြောင်းအလဲမရှိဘဲ အောက်တိုဘာ ၄ ရက် အထိဖြစ်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး



