ရခိုင်က တိုက်ပွဲဧရိယာတွေမှာ ကျန်းမာရေးအတွက် ဆေးကုသမှုခံယူဖို့ခက်ခဲနေ
စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်ထဲက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဆေးရုံ ၊ဆေးခန်းတွေ အပြည့်အဝ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အပြင် ဆရာဝန်အင်အားမလုံလောက်မှုကိုပါ ဒေသခံပြည်သူတွေ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ဆေးရုံတွေ မဖွင့်လှစ်နိုင်တဲ့ မြို့နယ်တွေမှာ ဆေးခန်းတွေကိုသာ အားထားနေရပြီး ရောဂါအလိုက် ကျွမ်းကျင်တဲ့ ဆရာဝန်ဦးရေ နည်းတာကြောင့် ဒေသခံပြည်သူတွေမှာ ကျန်းမာရေး ကိစ္စအရေးပေါ်ဖြစ်ပါက ကျေးလက်ဆေးပေးခန်းမှာရှိတဲ့ ကျန်းမာရေးမှူးတွေကိုသာ အားကိုးနေကြရတယ်လို့သိရပါတယ်။
" ကျန်းမာရေးကဏ္ဍကအနေနဲ့က ဆေးရုံ၊ ဆေးခန်းတွေဖွင့်လှစ်ပေးထားတာတွေရှိပေမယ့် ကျွမ်းရှင်ပညာရှင်တွေနည်းပါးတာရယ်၊ ဆေးဝါးမလုံလောက်တာတွေရယ်ကြောင့် အခက်ခဲတွေရှိပါတယ်။ ပုဏ္ဍားကျွန်းမြို့မှာဆိုရင် ဆေးရုံလည်ပတ်မှုမရှိပါဘူး။ နီးစပ်ရာကျန်းမာရေးဆေးခန်းတွေနဲ့ ရပ်ရွာမှာရှိတဲ့ ကျန်မားရေးမှူးတွေနဲ့ပဲကုသကြပါတယ်။ " လို့ ပုဏ္ဍားကျွန်းမြို့ဒေသခံတယောက်ကပြောပါတယ်။
ယခုလို ဆေးရုံနဲ့ ဆေးခန်းတွေ နေရာတိုင်းမှာ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အခြေအနေတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဖြစ်စဥ်နဲ့ အရေးပေါ်ခွဲစိတ်ရမယ့်ကိစ္စတွေ၊ ဆေးရုံတက်ရောက်ကုသဖို့လိုအပ်ပါက ဆေးဝါးပစ္စည်းနဲ့ ကုသရေးပစ္စည်း ၊ဆရာဝန် အင်အားများတဲ့ ကျောက်တော်၊မြောက်ဦးနဲ့မင်းပြား မြို့ကို ခက်ခက်ခဲခဲသွားလာနေကြရတယ်လို့သိရပါတယ်။
ငွေကြေးမပြည့်စုံတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်အများစုကတော့ နေမကောင်းဖျားနာခြင်း ၊ အရေပြားရောဂါ အပါအဝင် နာတာရှည်ရောဂါအတွက်သောက်သုံးရတဲ့ဆေးဝါး အပါအဝင်ကျန်းမာရေးကိစ္စတွေကို စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီကို အကူအညီတောင်းခံမှုတွေရှိတယ်လို့သိရပါတယ်။
" ကျန်းမာရေးနဲ့ ပတ်သက်တာတွေအကူညီတောင်းခံတာတွေရှိပါတယ်။ တချို့ဆေးကုသဖို့မတတ်နိုင်တဲ့စစ်ဘေးရှောင်တွေက ကျနော်တို့ရုံးတွေကိုလာပြီး အကူညီတောင်းကြပါတယ်။အဲဒီလိုအကူညီတောင်းခံလာရင်တော့ ကျနော်တို့အနေနဲ့ တတ်နိုင်သလောက်ကူညီပေးကြပါတယ်။" လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တယောက်ကပြောပါတယ်။
လက်ရှိမှာAA အနေနဲ့ ဒေသခံပြည်သူတွေကို ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စတဲ့ ကျန်းမာရေး ကိစ္စတွေဆောင်ရွက်ပေးတာရှိပေမယ့် မြို့နယ်အားလုံးကို လွှမ်းခြုံအောင် လုပ်ဆောင်မပေးနိုင်ဘူးလို့ သိရပါတယ်။
ဆရာဝန်အင်အား အလွန်နည်းနေတဲ့အပြင် ဆေးဝါးတွေ ဝယ်ယူရခက်ခဲပြီး စျေးနူန်းကြီးမြင့်ခြင်း ၊ နာတာရှည်ရောဂါသည်တွေ စွဲသောက်ရတဲ့ ဆေးဝါးတွေပြတ်လပ်ခြင်း ၊ ART ဆေး ၊ TB ဆေး စတဲ့ ဆေးဝါးတွေလည်း ပြတ်လပ်လာနေတယ်လို့သိရပါတယ်။
" ဟိုးအရင်ကတော့ ART ဆေးလည်းထုတ်လို့ရတယ်။TB ဆေးလည်းရတယ်။အခု ဆေးတွေကထုတ်မရတော့ဘူး။ ဆေးတွေကပြတ်လို့ မရတော့ အကုန်ဒုက္ခရောက်နေတယ်။ တချို့လည်း ရှာဖွေပြီးဝယ်သောက်တယ်။ ပိုက်ဆံရှိသူတွေကတော့ ဝယ်သောက်ကြတယ်။ အရင်တိုက်ပွဲကာလတုန်းကတောင် ဆရာဝန်တွေက ပြင်ပအကုန်ရှောင်ကုန်တော့မရှိဘူး။ အခုကျ ကျန်တဲ့သူနဲ့ AA ကဆရာဝန်တွေပဲရှိတယ်။ ဆေးခန်းဆိုလည်းတခါပြဖို့ကိုစောင့်ရတာ တန်းစီရတာမလွယ်ဘူး။ "လို့ မြောက်ဦး ဒေသခံကပြောပါတယ်။
AA ထိန်းချုပ်မြို့နယ်တွေမှာ အသက် ၂နှစ်အောက်ကလေးငယ်တွေ လအလိုက် မဖြစ်မနေထိုးနှံဖို့လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံ ခွင့်တွေလည်းမရရှိသလို ကိုယ်ဝန်ဆောင်တွေမှာ ထိုးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံ မှုတွေလည်း မရရှိဘူးလို့သိရပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနကတော့ အဆိုပါဒေသတွေဟာ AA ထိန်းချုပ်နယ်မြေတွေဖြစ်တာကြောင့် လုံခြုံရေး အခြေအနေအရ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ မြေပြင်အထိ သွားရောက်ထိုးနှံပေးနိုင်ခြင်းမရှိပေမယ့် နီးစပ်ရာကျန်းမာရေးဝန်ထမ်းရှိရာကို သွားရောက်ထိုးနှံနိုင်တယ်လို့ဆိုပါတယ်။
" နယ်မြေအခြေအနေအရ လုံခြုံရေးအရ အဲဒီဘက်တွေတော့ သွားနိုင်ခြင်းမရှိပါဘူး။ဒါပေမယ့် အနီးစပ်ဆုံးနေရာအထိတော့ကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေက သွားပြီးဆေးထိုးနှံပေးနေပါတယ်။ အဲဒီနေရာတွေကိုသွားပြီးထိုးလို့ရပါတယ်။ နောက်တခုက စစ်ရှောင်ရာနေရာမှာလည်း ထိုးနှံလို့ရပါတယ်။" လို့ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
AA ထိန်းချုပ်နေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်း အားနည်းတာကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိဘဲ သေဆုံးခဲ့ရသူတွေ ရှိတယ်လို့သိရပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ ကျောက်ဖြူ ၊စစ်တွေ ၊ မာန်အောင် မြို့သုံးမြို့ကိုသာ နလအမှ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ မြို့နယ် ၁၄ ခုကို AA ကထိန်းချုပ်ထားပါတယ်။
AA ထိန်းချုပ်နယ်မြေတွေကို နလအက ပြည်မကနေ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားသလို ဆေးဝါး စတဲ့ ကုန်ပစ္စည်းအားလုံးကို သယ်ယူခွင့်တားမြစ်ထားပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
