နီပေါမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တက်လာ
စက်တင်ဘာ ၁၃
နီပေါအစိုးရပြုတ်ကျသွားပြီးနောက် တရားလွှတ်တော်ချုပ်တရားသူကြီး ဆူရှီလာ ကာကီက ကြားဖြတ်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေနဲ့ သဘောတူညီမှု ရယူပြီးနောက်မှာ အသက် ၇၃ နှစ်အရွယ် ကာကီဟာ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အစိုးရက လူမှုမီဒီယာတွေပိတ်ပင်တာလုပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ဆန္ဒပြမှုတွေအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ဆုံမှုတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
ပိတ်ပင်ချက်ကို တနင်္လာနေ့မှာ ရုတ်သိမ်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေဟာ အများပြည်သူပါဝင်တဲ့ လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဒေါသဖြစ်နေတဲ့ လူအုပ်ပြီးဟာ မြို့တော် ခတ္တမန္တူမှာရှိတဲ့ လွှတ်တော်နဲ့ အစိုးရအဆောက်အအုံတွေကို မီးတင်ရှို့ခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ် ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ပါတယ်။
ဆွေးနွေးမှုတွေ ရက်ဆက်လုပ်ပြီးနောက်မှာ သမ္မတနဲ့ ဆန္ဒပြခေါင်းဆောင်တွေကြား သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှုမှာ တရားရေးကျွမ်းကျင်သူတွေလည်း ပါဝင်ခဲ့ပါတယ်။
နီပေါ စစ်ဦးစီးချုပ်က ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးမှုမှာ ရရှိခဲ့တဲ့ အကျိုးဆက်အဖြစ် ကာကီကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ နှောင်းပိုင်းမှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး အထွေထွေရွေးကောက်ပွဲကို နောက်နှစ် မတ် ၅ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
ကာကီဟာ သူ့ဝန်ကြီးအဖွဲ့ဝင်တွေကို လာမယ့်ရက်ပိုင်းအတွင်း ခန့်အပ်ဖို့ရှိပါတယ်။
ကာကီဟာ အကျင့်ပျက်ခြစားမှုကင်းစင်သူလို့ သတ်မှတ်ခံထားရပြီး ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ Gen Z ကျောင်းသားခေါင်းဆောင်တွေက သူ့ကို ထောက်ခံပေးထားပါတယ်။
ကာကီရဲ့ဝန်ကြီးအဖွဲ့ဟာ ငြိမ်ဝပ်ပိပြားရေး ပြန်ရှိအောင်၊ လွှတ်တော်နဲ့ တခြားအဓိကအဆောက်အအုံတွေပြန်လည်တည်ဆောက်တာ၊ အပြောင်းအလဲလိုချင်တဲ့ ဆန္ဒပြသူတွေ စိတ်တိုင်းကျဖြစ်အောင်၊ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖွဲ့စည်းပုံ ပျက်သုဉ်းသွားနိုင်တယ်လို့ စိုးရိမ်နေသူတွေ အပူအပန်လျော့အောင် လုပ်တာ စတဲ့ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
#centralnewsnaypyitaw



