မြန်မာနယ်စပ်နှင့်ချိတ်ဆက်ဆောင်ရွက်ဖို့ အလားအလာရှိသည့် Bairabi-Sairang မီးရထားလမ်းကို အိန္ဒိယ ဖွင့်လှစ်

စက်တင်ဘာ ၁၃

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီသည် ရူပီး (၈,၀၇၁) ကုဋေ ကုန်ကျသည့် (၅၁ ဒသမ ၃၈) ကီလိုမီတာ ရှည်လျားသော Bairabi-Sairang မီးရထားလမ်းကို ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းမီးရထားလမ်းပိုင်းသည် အိန္ဒိယအရှေ့မြောက်ပိုင်း နယ်စပ်မီးရထား (NFR) အတွက် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် Bairabi ဘူတာနှင့် မီဇိုရမ်မြို့တော် အိုက်ဇောလ် မှ (၂၀) ကီလိုမီတာအကွာတွင် တည်ရှိသည့် Sairang ဘူတာအသစ်တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် Bairabi-Sairang မီးရထားလမ်းသည် မီဇိုရမ်ပြည်နယ်အား အိန္ဒိယနိုင်ငံ၏ ကျန်ရှိနေသော ဒေသများနှင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

ထို့ပြင် ၎င်းသည် မြန်မာနယ်စပ်အထိ မီးရထားလမ်းဆက်သွယ်မှု တိုးချဲ့ရန်ရည်ရွယ်သည့် အိန္ဒိယအစိုးရ၏ ပိုမိုကျယ်ပြန့်သော အစီအစဉ်အတွက်လည်း ရည်ညွှန်းနေသည်။

အိန္ဒိယ၏ အဆုံးစွန်သော ဗျူဟာမြောက် စီးပွားရေးရည်မှန်းချက်မှာ ၎င်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းကိုအသုံးပြု၍ အရှေ့မြောက်ပိုင်းပြည်နယ်များကို ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ကိုလ်ကတ္တားဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်ဖြစ်သည်။

အိုက်ဇောလ်သို့ မီးရထားလမ်းအသစ်သည် မြို့တော်ဆက်သွယ်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း အိန္ဒိယမီးရထားကွန်ရက်တွင် လက်ရှိနောက်ဆုံးဘူတာဖြစ်သည့် Sairang မှ မြန်မာနယ်စပ်အနီးရှိ Hbichhuah မြို့အထိ (၂၂၃) ကီလိုမီတာ တိုးချဲ့ရန်အတွက် နောက်ဆုံးစစ်တမ်းကို ပြုလုပ်နေသည်။

Bairabi-Sairang မီးရထားလမ်းသည် မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါသောလမ်းပိုင်းဖြစ်လာမည်ဖြစ်သည်။ မော်တော်ကားလမ်းနှင့် လေကြောင်းပို့ဆောင်ရေးပေါ်တွင် မှီခိုနေရသော မီဇိုရမ်ပြည်နယ်အား မီးရထားလမ်းဆက်သွယ်မှု ရရှိစေမည်ဖြစ်ပြီး အာရှဖြတ်ကျော် မီးရထားကွန်ရက်နှင့် ကုလားတန် ဘက်စုံသုံး ကူးသန်းရောင်းဝယ်ရေး ပို့ဆောင်ရေးစီမံကိန်းတို့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မီဇိုရမ်ပြည်နယ်ကို ကျန်ရှိသည့် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် ပေါင်းစည်းပေးမည်ဖြစ်သည်။

၎င်းအပြင် ရှုခင်းသာယာလှပမှု၊ ကြွယ်ဝသောယဉ်ကျေးမှုနှင့် ဇီဝမျိုးကွဲများကြောင့် လူသိများသော မီဇိုရမ်၏ ခရီးသွားလုပ်ငန်း အလားအလာကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။

အိုက်ဇောလ်သည် ဗဟိုမီးရထားကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် စတုတ္ထမြောက် အရှေ့မြောက်မြို့တော် ဖြစ်လာမည်ဖြစ်ပြီး ၎င်းမတိုင်မီက ဒီ့စ်ပူရ် (ဂူဝါဟာတီ)၊ အာရူနာချယ်ပရာဒေ့ရှ်၏ အီတာနာဂါရ် (နာဟာရ်လာဂွန်) နှင့် ထရီပူရာပြည်နယ်၏ အာဂါတာလာတို့ကို ချိတ်ဆက်ပြီးဖြစ်သည်။

အိန္ဒိယမီးရထားလုပ်ငန်းသည် ၎င်း၏ အရှေ့မျှော်မူဝါဒတွင် အကျုံးဝင်နေသည်။

#သတင်းဟင်းလေးအိုးကြီး

image