❝လာမည့်ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ယာယီသမ္မတ ပြောကြား❞
စက်တင်ဘာ ၁၃
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာအရေးယူမှုများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် ရွေးကောက်ခံမည့်ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သလို ရွေးကောက်ပွဲအောင်မြင်စေရန်နှင့် နိုင်ငံ့ကောင်းအောင်ဆောင်ရွက်မည့်သူများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာဝန်ကြီးချုပ်များက ဦးဆောင်ပြီး ဆောင်ရွက်ပေးသွားကြရန်မှာကြားလိုကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ၏ အချက်အလက်များနှင့် ဝန်ထမ်းများ၏အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ ကျိုးပေါက်ခြင်းများဖြင့် တစ်ဦးတစ်ယောက်ခြင်းထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်သဖြင့် လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
#centralnewsnaypyitaw
