မန္တလေးမှာ ကလေးငယ်တွေကို ပိုက်ဆံတောင်းရမ်းခိုင်းနေတဲ့အဖွဲ့ ဖမ်းဆီးခံရ

စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က လမ်းဆုံလမ်းမတွေမှာ နေ့စဉ်ပိုက်ဆံတောင်းရမ်းနေရတဲ့ ကလေးငယ်တွေအပေါ် စေခိုင်းနေသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပိုက်ဆံတောင်းဖို့ စေခိုင်းနေတဲ့ အသက် ၃၈ နှစ်အရွယ် ကိုကုလားနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်တဲ့ မငြိမ်းအိ၊ မသန်းခိုင်တို့ကို တောင်းရမ်းထားတဲ့ငွေကျပ် တစ်သိန်းခွဲကျော်၊ ဆိုင်ကယ်တစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီးစတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သူတို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၁၀၂(ခ)/၁၀၃(က)(၅)/၁၀၇ နဲ့ စက်တင်ဘာလ ၈ ရက်က အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။

အဲ့ဒီသူတွေဟာ သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် လေးဦး၊ အသက် ၉ နှစ်အရွယ် တစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် တစ်ဦးတို့ကို နှိပ်စက်ညှင်းပန်းကာ တောင်းရမ်းခိုင်းနေတာကြောင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု(မန္တလေး)က တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ပိုက်ဆံတောင်းရမ်း ခိုင်းနေသူတွေကို ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၁၁ ဒီနေ့မှာတော့ မန္တလေးမြို့က လမ်းဆုံလမ်းခွတွေနဲ့ မီးပွိုင့်တွေ တောင်းရမ်းတဲ့ ကလေးငယ်တွေကို မတွေ့ရတော့ဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ တနင်္ဂနွေလောက်ကတွေ့သေးတယ်။ ဒီမနက်တော့ မတွေ့ဘူး။ အရင်က ၆၈ နဲ့ သိပ္ပံလမ်းမှာဆိုအမြဲရှိတယ်။အသက်ကြီးပိုင်း တောင်းတဲ့သူတော့ ရှိတယ်"

လတ်တလောမှာတော့ ကလေးငယ်ခြောက်ဦးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြည်လည်နေရာ ချထားရေးဌာနက စောင့်ရှောက်ထားသလို ဒဏ်ရာပြင်းထန်တဲ့ အသက်၁၂ နှစ်အရွယ် မနန်းယဉ်ထွေးကိုတော့ ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


#centralnewsnaypyitaw

imageimage