“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

စက်တင်ဘာ ၁၂

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်း ဖြစ်သည်။

“သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုများ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်လာအပြီးတွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်းက လူမှုကွန်ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားသည့် သီချင်းကို စင်မြင့်ပေါ်တွင်ဖွင့်မိခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမသည် ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါရက်နဲ့ ယုခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွကိ လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ်ထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးညွှန့် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လဲ ဆက်လက်တောင်းပန် သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက် လဲ နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယကဆရာတော်ထံ သွားရောက်တောင်းပန်ထားသည့် ဓာတ်ပုံများနှင့် လျှောက်ထားတောင်းပန်မှုများကိုလည်း DJ Violet က ပြုလုပ်ခဲ့ပြီး ယခုသက်ဆိုင်ရာက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Credit - Eleven Media Group

imageimage