လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံခဲ့ရတဲ့ PPPပါတီရဲ့ မွန်ပြည်နယ်ဥက္ကဋ္ဌနဲ့ပါတီဝင် သုံးယောက်တို့ နှစ်ရက်အကြာမှာ ပြန်လွတ်လာ
စက်တင်ဘာ ၁၂
လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မွန်ပြည်နယ် ဥက္ကဋ္ဌနဲ့ပါတီဝင် သုံးယောက်တို့ ဒီနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ပါတီဘက်ကသိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီနေ့ စက်တက်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း ၊ လွတ်မြောက်လာတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ pppပါတီရဲ့ CEC ဖြစ်သူ ဦးစောဟန်အေးကပြောပါတယ်။
"ဒီနေ့မနက်ငါးနာရီမှာပြန်ရောက်ပါတယ်။ပြန်လွတ်လာပြီ။လေးယောက်လုံးနဲ့အဆက်အသွယ်ရပါပြီ။
ဘယ်လိုပုံစံနဲ့ပြန်လွတ်လာတယ်ဆိုတာတော့မသိသေးဘူး။ကာယကံရှင်ပြန်လွတ်လာပြီဆိုတာပဲပြောလို့ရတယ်။ကျန်တာတွေက သူတို့ဘယ်လိုလွတ်လာတယ်ဆိုတာ အတိကျမသိသေးဘူး။မနေ့ကတော့ ကျွန်တော်တို့ တပ်ကိုအကြောင်းကြားတယ်။ရဲစခန်းမှာအမှုဖွင့်တယ်။ဒါတွေလုပ်တယ်။တပ်ကအက်ရှင်ယူလို့ဖြစ်ပါလိမ့်မယ်။သူတို့ဘယ်လိုညှိနိူင်းဆောင်ရွက်ခဲ့လဲတော့မသိပါဘူး။မနက်ငါးနာရီပြန်ရောက်ပါတယ်။" လို့ ပြောပါတယ်။
ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းရာမှာ လုံခြုံရေးအပိုင်းစိန်ခေါ်မှုတွေရှိနိုင်တယ်လို့ သူက ထပ်မံပြောပါတယ်။
" လုံခြုံရေးကစိန်ခေါ်မှုကရှိနိုင်တယ်။နေရာဒေသအပေါ်မှာတော့မတူနိုင်ဘူး။သံဖြူဇရပ်တို့ ရေးဘက်တွေကျတော့ pdf တို့ လက်နက်ကိုင်အဖွဲ့တို့ အခြားအဖွဲ့အစည်းတို့ရှိနေတော့လေ။ " လို့ ဆိုပါတယ်။
pppပါတီရဲ့ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်မြသီတာ ၊ နောက်ထပ် ပါတီဝင်တွေဖြစ်တဲ့ ဦးဟိန်းလင်းအောင်၊ ဒေါ်ခင်သီတာကျော် နဲ့ နောက်ထပ်အမျိုးသမီးတယောက်တို့ဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာသံဖြူဇရပ်ကနေ ရေးမြို့နယ်ဘက်ကို ဆိုင်ကယ်နဲ့ ပါတီကိစ္စဆောင်ရွက်ဖို့သွားရောက်စဥ် သံဖြူဇရပ် - ရေးလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့တခုရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့က ပါတီဝင်ဦးရေပြည့်မှီအောင်နဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေပြည့်အောင်နယ်မြေစည်းရုံးရေးတွေ ဆင်းနေကြပါတယ်။
ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေကတော့ နလအ ပြုလုပ်မယ့်ရွေးကောက်ပွဲကိုလက်မခံကြောင်း နဲ့ ရွေးကောက်ပွဲပါဝင်သူတွေကို အရေးယူမယ်ဆိုပြီး သက်ဆိုင်ရာနယ်မြေအလိုက်အဖွဲ့တွေက ကြေငြာထားပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
