မွေးကင်းစကလေး ကိုသွားကြည့်တဲ့အခါ 👶
ကိုယ့်မိသားစု၊ ဆွေမျိုး ၊ မိတ်ဆွေ၊ ရင်းနှီးတဲ့သူတွေ ထဲမှာကလေးမွေးဖွားကြတဲ့အခါ ချစ်စဖွယ် ကလေးလေးကို ဆေးရုံမှာသော်လည်းကောင်း အိမ်မှာသော်လည်းကောင်း
သွားကြည့်တာ မိခင်ကိုသတင်းမေးတာဟာ မြန်မာမှာမက နိုင်ငံတကာမှာပါ အလွန် ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
ဒီလိုသွားကြည့်ကြတဲ့အခါ နုနယ်တဲ့ ကလေးရော အားနည်းနေတဲ့ မေမေရော အနှောင့်ယှက်မဖြစ်စေဖို့ အာက်ပါ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို သတိထားပေးကြရအောင်နော်
#1. လက်ဆေးပါ
မမြင်ရတဲ့ပိုးမွှားတွေရှိနေနိုင်လို့ လူနာ၊ ကလေး သွားကြည့်တဲ့အခါ လက်ဆေးဖို့ မမေ့ပါနဲ့။ လက်မဆေးဘဲ ကလေးကို လုံးဝ မထိမကိုင်ပါနဲ့
#2. နေမကောင်းဖြစ်နေလျှင် အိမ်မှာပဲနေပါ သွားမကြည့်ပါနဲ့
မွေးကင်းစ ကလေးငယ်တွေဟာ အင်မတန်နုနယ်ပြီး ခံနိုင်ရည်နည်းပါတယ်။ ကိုယ်က ဖျားနေတာမဟုတ်သည့်တိုင် ယားနာလေး ဓာတ်မတည့်တာလေး အပျော့စားဝေဒနါလေး ဖြစ်နေသည့်တိုင် ကလေးစီမသွားခြင်းဖြင့်ကူညီပါ။
#3. မွေးကင်းစကလေးကို လုံးဝမနမ်းပါနှင့်
မွေးကင်းစမှ လသားအရွယ်ထိ မိဘတွေကိုယ်တိုင်တောင် ကလေးငယ်အား မနမ်းသင့်ပါ။ နဖူးလည်းမရ ပါးလည်းမရ လက်လည်းမရပါဘူး။ နမ်းခြင်းက ကလေးကို ရောဂါပိုးများကူးစက်စေနိုင်လို့ပါ။ ချစ်တာကို စကားနဲ့သာဖော်ပြပါ။ မနမ်းပါနှင့်။
#4. လာကြည့်တဲ့အချိန်တိုပါစေ
မိခင်ရော အနီးကပ်ပြုစုသူတွေရော ကလေးငယ်ကိုစောင့်ရှောက်ရတာ ပင်ပန်းနေကြပါတယ်။ အိပ်ရေးတွေပျက်ထားကြတာဖြစ်လို့ ကိုယ့်ကို အကြာကြီးဧည့်မခံနိုင်ပါဘူး။ ၁၅မိနစ် မှ နာရီဝက် အထိသာ သတင်းမေးခြင်းဖြင့်ကူညီပါ။
#5. လက်ဗလာ နဲ့ မလာပါနှင့်
ယဥ်ကျေးမှု အစဥ်အလာအရ လက်ဗလာနဲ့လာတဲ့သူကတော့ မရှိသလောက်ရှားပါတယ် ။ အမေအတွက် ကလေးအတွက် လိုမယ်ထင်တာလေးတွေဝယ်သွားပေးတာ၊ ချက်ပြုတ်ဖို့မအားကြတော့ စားစရာလေးတွေဝယ်သွားပေး ခြင်းဖြင့် အကောင်းဆုံး ဧည့်သည် အဖြစ်ခံယူပါ။
#6. တစ်ခုခုဆို ခွင့်တောင်းပြီးမှလုပ်ပါ
ကလေးကိုဓာတ်ပုံရိုက်တာ၊ social media မှာပုံတင်တာတွေအတွက် ခွင့်တောင်းပါ။ နို့တိုက်နေတဲ့ပုံတွေ ဘယ်အမေမှ မရိုက်စေချင်ပါ။ Privacy ကိုလေးစားပေးခြင်းဖြင့် ကူညီပါ။
#7. ကလေးကို ချီဖို့ပဲ မမျှော်လင့်ပါနှင့်
တတ်နိုင်သမျှ ကြည့်ပါ စကားပြောနှုတ်ဆက်ပါ။ ကလေးအိပ်နေချိန် နို့တိုက်နေချိန် တွေမှာကိုယ်ချီရဖို့ မတောင်းဆိုပါနှင့်။
#8. ကလေးကိုသာမက အမေကိုပါ ချီးမွမ်းပါ
ကလေးကိုချစ်စရာကောင်းကြောင်းပြောကြပေမယ့် မိခင်အနေနဲ့ မီးဖွား ခြင်းဆိုတဲ့ကြီးမားတဲ့စွန့်စားမှုကိုအောင်မြင်ခဲ့တာမို့ အမေကိုလည်း အားပေးဖို့မမေ့ပါနှင့်။ အားပေးစကား ချီးမွမ်းစကားလေးတစ်ခွန်းက မိခင်တွေအတွက် အလွန်အဖိုးတန်တဲ့ စိတ်ခွန်အားဖြစ်စေမှာပါ။
မွေးကင်းစကလေးတွေဟာ အိမ်တိုင်းရဲ့အဖိုးတန်လေးပါ
မိဘများက ပင်ပန်းနေကြပါတယ်
ကိုယ့်ကြောင့်မထိခိုက်စေရအောင် သတိပြုလိုက်နာခြင်းဖြင့် ကူညီပါ။
Credit to

image