ပိုးသတ်ဆေးအကြွင်းအကျန်​တွေ့လို့ ပဲတီစိမ်း တန် တ​သောင်းကျော်တင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၂၂ ခုကို ပဲတင်ပို့ခွင့် တရုတ်မှယာယီရပ်စဲ

စက်တင်ဘာ ၁၂

တရုတ်ကို တင်ပို့တဲ့ ပဲတီစိမ်း တန်ချိန် တ​သောင်း ကျော်မှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေ့ရှိရတဲ့အတွက် ပဲတီစိမ်းတွေပြန်ပို့ခဲ့သလို တင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၂၂ ခုကို ပဲတီစိမ်းတင်ပို့ခွင့် တရုတ်ဘက်က ယာယီရပ်စဲလိုက်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

" သူတို့ကလက်မခံဘူးဆိုတော့ ထားလို့မရတော့ပြန်သယ်တော့ အကုန်ကသိကအောက်တွေဖြစ်ကုန်တာပေါ့။ ဒီဘက်က exporter တွေက ဆုံးရှုံးတာပေါ့။

ခုလိုဖြစ်သွားတော့ တရုတ်က ဒီကုမ္ပဏီတွေကို record ယူထားမှာအသေချာပဲ။ ပြီးတော့ အဲဒီပို့ခဲ့တဲ့ကုမ္ပဏီတွေကိုလည်း ပဲတင်ပို့ခွင့်ရပ်ထားတယ်သိရတယ်။ ကုမ္ပဏီက ၂၂ ခုပါ။ ဘယ်နိုင်ငံမဆို ကျန်းမာရေးနဲ့ညီညွတ်ဖို့ သတ်မှတ်ချက်တွေရှိပါတယ်။ အထူးသဖြင့်တော့ ပိုးသတ်ဆေးတွေပါမသွားအောင်ပေါ့ သူ့နိုင်ငံအလိုက်သတ်မှတ်တာတွေရှိတယ်။ တရုတ်ကလည်းအဲဒါကိုကိုင်ပြီးလုပ်လာတဲ့သဘောပေါ့။" လို့ ကုန်သည်တယောက်ကပြောပါတယ်။ ်
ပဲတီစိမ်းတင်ပို့ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ ပဲတင်ပို့ခွင့် ဆိုင်းငံ့ခံလိုက်ရသလို ကုန်ပစ္စည်းတွေလည်း ရောင်းချနိုင်ခြင်းမရှိဘဲ ပြန်လည်သယ်ယူရတာကြောင့် ငွေကြေးဆုံးရှုံးနစ်နာမှုပါရှိခဲ့တဲ့အပြင် စိုက်ပျိုးရေးဦးစီးဌာနကလည်း ကုမ္ပဏီ​တွေရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကို ခေါ်ယူတွေဆုံကာ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

" စိုက်ပျိုးရေးဌာနဘက်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းက ကုမ္ပဏီ တွေကိုခေါ်ပြီး မေးမြန်းတာရှိတယ်။ဘယ်လိုဖြစ်တာလဲ ၊ ဘယ်လိုဖြေရှင်းကြမလဲ ဆောင်ရွက်ကြမလဲ ၊ အဖြေရှာကြမလဲပေါ့။နောက်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ဆွေးနွေးကြတယ်။ တောင်သူတွေဆီ ဇစ်မြစ်လိုက်ဖို့ကလည်း သိပ်တော့မလွယ်ဘူး။နေရာပေါင်းစုံကနေ ပဲတွေကဝင်တာဆိုတော့လေ။" လို့သူကဆက်ပြောပါတယ်။

တရုတ်နိုင်ငံကို ယခုနှစ်အတွင်း မြန်မာပဲတီစိမ်းတင်ပို့မှု ၅၉ ကြိမ်မြောက်အဖြစ်တင်ပို့ခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်ရဲ့ ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်မှာ Clothianidin ကြွင်းကျန်မှနှုန်းထားက သတ်မှတ်ချက်စံနှုန်း ထက်ကျော်လွန်များပြားကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက် တရုတ်နိုင်ငံမှ အစားအစာလုံခြုံရေးစံနူန်း သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် ပဲတီစိမ်းတွေ ပြန်ပို့ခံရတာဖြစ်တယ်လို့သိရပါတယ်။

" စစ်ဆေးတယ်ဆိုတာက နမူနယူတဲ့အပေါ် ရတဲ့စုစုပေါင်းစံချိန်နဲ့ သူတို့ဟိုဘက်ကစစ်ဆေးတဲ့စံချိန်မှာ ကွာဟမှုရှိတာကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဘာလို့ဆို ဒဿမနဲ့သွားတာဆိုတော့လေ နမူနာယူတာက အားလုံးကိုလွှမ်းခြုံမှုရှိမရှိပေါ့။ပြန်ပို့ခံရတော့ကုန်သည်တွေနစ်နာတာပေါ့။ကုန်သည်တွေကတော့ပြန်သယ်ပြီး ပြန်သန့်စင်မယ်ပေါ့။" လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊နှမ်း နဲ့ပြောင်းအသင်းမှ တာဝန်ရှိသူကပြောပါတယ်။

တရုတ်ကတော့ လက်ရှိမှာ အဆိုပါ ပဲတီစိမ်းတင်ပို့တဲ့ကုမ္ပဏီတွေကို ပဲတင်ပို့ခွင့်ရပ်နားထားလိုက်ပေမယ့် အခြားကုမ္ပဏီတွေအနေနဲ့တော့ တင်ပို့မယ့် ပဲတီစိမ်းတွေကို ဘေးအအန္တရာယ်ကင်းရှင်းပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့ကိုက်ညီပါက တင်ပို့နိုင်တယ်လို့ ပြောဆိုကြောင်းသိရပါတယ်။

ပဲတီစိမ်းမှာ ဓာတုဓာတ်ကြွင်း တွေ့ရှိရတာနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး ပညာရှင်တယောက်က
" ပဲသိုလှောင်ချိန်မှာသုံးတဲ့ဆေးက ဓာတ်ကြွင်းမကျန်ဘူး။ပဲဆေးဖြန်းတဲ့အချိန်မှာ ဆေးတမျိုးတည်းကို ထပ်ခါထပ်ခါသုံးရင် ဓာတ်ကြွင်းကျန်ပါတယ်။ " လို့ သုံးသပ်ပြောပါတယ်။

​မြန်မာ့ပဲတီစိမ်းက ပြည်ပတင်ပို့ရာမှာ နှစ်စဥ် ၇၀ ရာခိုင်နူန်း မှ ၈၀ ရာခိုင်နူန်း ဝန်းကျင်နဲ့ တရုတ်နိုင်ငံကို တင်ပို့မှုတန်ချိန်အများဆုံးဖြစ်ကြောင်း ယခင်ကလည်း သတ်မှတ်စံနူန်းနဲ့မကိုက်ညီလို့ ပြန်ပို့ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့ဖူးတယ်လို့သိရပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနကတော့ ပဲတီစိမ်းတွေ ပြည်ပကိုတင်ပို့တဲ့အခါ ယခုလို ဓာတုဓာတ်ကြွင်းကျန်ပြီး သတ်မှတ်စံချိန်စံညွှန်းမကိုက်ညီလို့ ပြန်ပို့ခံရတာမျိုးမဖြစ်စေရေးအတွက် တောင်သူတွေကို စိုက်ပျိုးရေးဆေးအသုံးပြုခြင်းနဲ့ပတ်သက်ပြီး အသိပညာပေးခြင်းတွေ၊ ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေ အပါအဝင် စတဲ့လိုအပ်တဲ့ကိစ္စတွေကို လုပ်သွားမယ်လို့သိရပါတယ်။

တောင်သူတွေကတော့ ယခုလို တရုတ်ကနေ ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်ပြန်ပို့ခံရတဲ့ကိစ္စကြောင့် ယခုလာမယ့် ပဲတီစိမ်းရာသီမှာ စျေးကစားပြီး စျေးကျဆင်းမှာကို စိုးရိမ်နေကြပါတယ်။

ယခုနှစ် ပြည်တွင်းပို့ကုန်ပဲစျေးကွက်မှာ ပဲတီစိမ်းက စျေးတန်းအမြင့်ဆုံးမှာရှိနေပြီး တောင်သူတွေ တွက်ချေကိုက်ပြီး အကျိုးအ​မြတ်ရရှိခဲ့ကြတာကြောင့် စျေးကွက်ကျမှာကို တောင်သူတွေက စိုးရိမ်နေကြပါတယ်။

image