❝အောက်တိုဘာ ၁ ရက်က စတင်ပြီး မြန်မာဒုက္ခသည် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပေးတော့မယ်လို့ ထိုင်းပြည်ထဲရေး အတည်ပြု❞
စက်တင်ဘာ ၁၁
ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့် အစီအစဉ်ဟာ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မယ်လို့ ထိုင်း ပြည်ထဲရေးဒုတိယဝန်ကြီး Theerarat Samrejvanich က စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့တယ်လို ထိုင်းသတင်းတွေဖော်ပြမှုတွေအရ သိရပါတယ်။
ယခုလို မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ အစီစဉ်တစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။
အဲဒီ တရားဝင်အလုပ်လုပ်ခွင့်ကို Mae Hong Son, Tak, Kanchanaburi နဲ့ Ratchaburi စတဲ့ ပြည်နယ် ၄ ခုထဲက ယာယီခိုလှုံရေးစခန်း ၉ ခုမှာ နေထိုင်ကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၄ သောင်းကျော် ရရှိကြမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Phongkwin Chungruangkit က ပြောဆိုထားပါတယ်။
အလုပ်လုပ်ချင်တဲ့သူတွေအနေနဲ့ ထိန်းချုပ်ထားတဲ့နေရာကနေ ထွက်ခွာခွင့်လျှောက်လွှာနဲ့ အလုပ်လုပ်ခွင့်လျှောက်လွှာကို ပြည်နယ်အုပ်ချုပ်ရေးဌာနမှာ တင်ပြရမှာဖြစ်တယ်လို့လည်း ဆိုထားပြီး အလုပ်လုပ်ဖို့ တရားဝင်ခွင့်ပြုမိန့် ထွက်ရှိလာပြီဆိုရင်တော့ အဲဒီလူဟာ ထိုင်းနိုင်ငံမှာ တစ်နှစ်အထိ နေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw