❝ရွေးကောက်ပွဲပျက်အောင် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းပေါ်တွင် ဝါဒဖြန့်၊ လှုံ့ဆော်စာများရေးသားခဲ့သည့် တောင်ကြီးမြို့နယ်မှ အမျိုးသားတစ်ဦးကို ဥပဒေအသစ်အရ ထောင် ၇ နှစ်ချ❞

စက်တင်ဘာ ၁၀

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှ အမျိုးသားတစ်ဦးကို ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁)နေ နေသွေး (၃၆)နှစ် (ဘ) ဦးအောင်ခင် ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းအမျိုးသားအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင် ၎င်းအသုံးပြုသည့် “Lashio Baegyi" Facebook Account လူမှုကွန်ရက် စာမျက်နှာပေါ်တွင် "မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ စောက်ပြစ် မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့..."စသည့်စာသားများကို ဖြန့်ဝေရေးသားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် ၎င်းကိုစစ်ဆေးခဲ့ရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ ပြုလုပ်နေ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်း(ပ)၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ တောင်ကြီးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းလည်းဖြစ်သည်။

ထို့နောက် တောင်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၂၇၁၄/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံ နေသွေးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image