သူ့စာတမ်း ပယ်ချခံရလို့ malware ဖန်တီးပြီး ကွန်ပျူတာ ၁၀ သန်းကျော်ကို ဗိုင်းရပ်စ် ကူးစက်စေခဲ့ဖူးတဲ့ ဖိလစ်ပိုင်ကျောင်းသား
သူ့ရဲ့ စာတမ်းပယ်ချခံရပြီးနောက်မှာ ဖိလစ်ပိုင်ကောလိပ်ကျောင်းသားတစ်ယောက်က ILOVEYOU malware ကို ဖန်တီးခဲ့ပြီး ၂ ရက်တာ အချိန်အတွင်း ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာပေါင်း ၁၀ သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ၂၀၀၀ ပြည့်နှစ် မေလအတွင်း ဖြစ်ပွားခဲ့တာပါ။
အဲဒီအချိန်တုန်းက အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အိုနေးဒီဂက်ဇ်မန်းဟာ AMA ကွန်ပျူတာကောလိပ်မှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ် သင်ကြားနေတာပါ။ သူတို့မိသားစုက ဆင်းရဲတာကြောင့် (ကုန်ကျစရိတ် များလွန်းတဲ့) အင်တာနက်အသုံးပြုခ မတတ်နိုင်ရှာပါဘူး။ ဒီဂတ်ဇ်မန်းကတော့ အင်တာနက်အသုံးပြုခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်လို့ အင်တာနက်သုံးစွဲခွင့် အချက်အလက်တွေ ခိုးယူနိုင်မယ့် trojan ဖန်တီးဖို့ စာတမ်းတင်ခဲ့တာပါ။
ဒါပေမဲ့ သူ့စာတမ်းကို ကောလိပ်က ပယ်ချခဲ့ပြီး '' ဒီလုပ်ရပ်က တရားမဝင်တဲ့လုပ်ရပ်၊ ငါတို့ကျောင်းက သူခိုးတွေ မွေးမထုတ်ဘူး''လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီဂတ်ဇ်မန်းကတော့ သူ့ဆရာတွေကို တစ်ဖက်ပိတ်တွေလို့ ရှုမြင်ခဲ့ပြီး သူလည်း ကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ malware ဖန်တီးတာ တရားမဝင်ဘူးလို့ ဥပဒေပြဋ္ဌာန်းထားခြင်း မရှိပါဘူး။
ဒီဂတ်ဇ်မန်းဟာ ILOVEYOU ဆိုတဲ့ malware ကို ဖန်တီးခဲ့ပြီး အီးမေးလ်ကနေ တစ်ဆင့် ပို့ခဲ့ရာမှာ မေလ ၄ ရက်နဲ့ ၅ ရက်ကြားကာလအတွင်း ကွန်ပျူတာပေါင်း ၁၀ သန်းကျော်ကို malware ကူးစက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဥပဒေ ထုတ်ပြန်ထားခြင်းမရှိတာကြောင့် ဒီဂတ်ဇ်မန်းကို ပြစ်ဒဏ်တစ်စုံတစ်ရာ ချမှတ်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီဂတ်ဇ်မန်းဟာ ထင်ပေါ်ကျော်ကြားမှုကို မလိုလားတာကြောင့် ဖုန်းပြင်ဆိုင်မှာ အလုပ်လုပ်ရင်း ဇာတ်မြှုပ်နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။
