❝ယာဉ်ငါးစီးဆင့်တိုက်မှု ဖြစ်ပေါ်ခဲ့သည်အထိ အရှိန်လွန်မောင်နှင်ခဲ့သည့် YBS 107 ယာဉ်မောင်း တိမ်းရှောင်နေ❞
စက်တင်ဘာ ၉
YBS 107 ယာဥ်၏ အရှိန်လွန်မောင်နှင်မှုကြောင့် ယာဉ်ငါးစီးဆင့်တိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါ YBS 107 ယာဉ်မောင်းဖြစ်သည့် ဦးစစ်အောင် ဆိုသူမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
ယင်းဖြစ်စဥ်သည် ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိသိမ်ကြီးစျေးမီးပွိုင့်အနီး၌ ယမန်နေ့(စက်တင်ဘာ ၈ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ကမ်းနားလမ်းခြောက်ထပ်ရုံးမှ လှည်းကူးသို့ ဦးစစ်အောင် မောင်းနှင်လာသော ယာဉ်အမှတ် 5N-6062 ၊ YBS 107 ယာဉ်မှာ မီးပွိုင့်ပျက်နေသည်ကို အရှိန်မလျှော့ဘဲ မီးပွိုင့်ကိုဖြတ်မောင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ ဖြတ်မောင်းခဲ့မှုကြောင့် ကြည့်မြင်တိုင်မှ သာကေတသို့မောင်းနှင်လာသည့် ယာဉ်အမှတ် 5N-8164 ၊ YBS 89 ယာဉ်နှင့် တိုက်မိခဲ့ပြီးနောက် အဆိုပါ YBS 107 ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသည့် ယာဉ် ၅ စီးကို ဆင့်ကဲတိုက်မိခဲ့ခြင်းလည်းဖြစ်သည်။
ယင်းဖြစ်စဥ်အတွင်း မော်တော်ယာဥ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့သော်လည်း ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်မှုမရှိကြောင်းနှင့် လက်ရှိတွင် YBS 107 ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဟံသာဝတီယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ယာဉ်မှုစစ်မှ YBS 89 ယာဉ်နှင့် ယာဉ်မောင်းကို စစ်ဆေးလျက်ရှိကြောင်း YRTC ၏ ထုတ်ပြန်ထားမှုအရ သိရသည်။
#centralnewsnaypyitaw
