1 w - Translate

လျှပ်စစ်ယူနီဘီးနဲ့ အစားအသောက်ပို့ဆောင်ရေးအလုပ်ကို လုပ်တဲ့ မသန်စွမ်းအမျိုးသား
အမျိုးသားတစ်ဦးဟာ လက်နှစ်ဖက်မပါတဲ့ မသန်စွမ်းသူဖြစ်ပေမဲ့ လျှပ်စစ်ယူနီဘီးကို အသုံးပြုပြီး အစားအသောက်ပို့သမားအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။ သူက ဒီအလုပ်ပြီးရင် ညကျ သူ့ခြေထောက်နဲ့ ရေးဆွဲတဲ့ လက်ရေးလှလက်ရာတွေကို ဈေးဆိုင်လေးထောင်ပြီး ရောင်းချပါသေးတယ်။
သူကတော့ ဟယ်နန်ပြည်နယ်က အသက် ၃၀ နှစ်အရွယ် လီရှောင်ယန်ဆိုသူပါ။ သူဟာ ဆင်းရဲတဲ့ ကျေးလက်မိသားစုကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ဇနီး၊ သားသမီး ၂ ဦးတို့နဲ့အတူ နေထိုင်ပါတယ်။
သူက သူ့အသက် ၄ နှစ်မှာ မတော်တဆဓာတ်လိုက်ခံရပြီး လက်နှစ်ဖက်လုံး ဆုံးရှုံးသွားခဲ့တာပါ။ သူ့မိသားစုလည်း အကြွေးတင်တဲ့ အဖြစ်ဆိုးလည်း ကြုံခဲ့ရပါတယ်။ သူကတော့ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို မပြောင်းလဲနိုင်ဘူး။ ရှေ့ကို ဆက်သွားရုံပဲ။ အဲ့ဒီအပေါ် ကျိန်ဆဲနေစရာ၊ အပြစ်တင်နေစရာမလိုဘူးလို့ ပြောရှာပါတယ်။ အသက် ၈ နှစ်အရွယ်ရောက်တော့ သူ့မိသားစုရဲ့ငွေကြေးအခက်အခဲကို ကူညီပေးဖို့ သူ့ခြေထောက်နဲ့ လက်ရေးလှရေးဆွဲတာကို စတင်လေ့ကျင့်ခဲ့ပါတယ်။ အဲ့ဒီကတည်းက အပိုဝင်ငွေရဖို့ သူ့ရဲ့လက်ရာတွေကို ရောင်းချခဲ့တာပါ။
နောက်တော့ မိန်းမရပြီး ကလေး ၂ ယောက်ပိုင်ဆိုင်ခဲ့ပါတယ်။ ဇူလိုင်လက သူ့ကလေး ၂ ယောက်လုံး မူကြိုတက်ရတော့ ကုန်ကျစရိတ်တွေများလာတာကြောင့် အစားသောက်ပို့တဲ့အလုပ်ကို အချိန်ပိုင်းအနေနဲ့ လုပ်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ကျောမှာ Delivery Box ကို ချိတ်ပြီး ယူနီဘီးကို ဟန်ချက်ညီအောင် စီးပြီးတော့ မြို့တွင်းလမ်းတွေထဲ လှည့်လဲသွားကာ ပို့ဆောင်ပါတယ်။ သူ့ရဲ့လက်မောင်းမှာ တပ်ထားတဲ့ သူ့ရဲ့ဖုန်းကို အသုံးပြုပြီး သူ့နှုတ်ခမ်းကို အသုံးပြုပါတယ်။
စားသောက်ဆိုင်ဝန်ထမ်းက သူ့ရဲ့အမှာစာတွေအများကြီးကို မကြာခဏကူညီပေးပြီး ဖောက်သည်တော်တော်များများက သူ့မှာ လက်နှစ်ဖက်မပါဘူးဆိုတာ့ သိတဲ့အချိန်ဆို အောက်ကိုဆင်းပြီး လာယူပေးပါတယ်။ ကြင်နာတတ်တဲ့ဆိုင်ပိုင်ရှင်တွေ၊ ဖောက်သည်တွေနဲ့ တွေ့ဆုံခဲ့ဖူးပြီး တစ်ခါတလေ ဘောက်ဆူးလည်းရပါတယ်။
မြို့တွင်းခေါက်ဆွဲဆိုင်ပိုင်ရှင်တွေက သူ့ကို ရေနဲ့အစားအစာ အလကားပေးပါတယ်။ စပြီးအလုပ်လုပ်တဲ့ပထမလမှာ အမှာစာ ၂၀၀ နီးပါးရခဲ့ပြီး ယွမ် ၁၃၀၀ ရခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဝင်ငွေကို ပရဟိတတစ်ခုကို လှူဒါန်းခဲ့ပါတယ်။ သူကတော့ အခြားသူတွေဆီက အကူအညီတွေအများကြီးလက်ခံခဲ့ရတယ်။ အခု သူလည်း ကြင်နာတရားပြန်ပြချင်ပါတယ်တဲ့။
ဩဂုတ်က လီရှောင်ယန်ဟာ တစ်နေ့ကို အမှာစာ ၄၀ အထိ ပို့ဆောင်နိုင်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ဝင်ငွေအများစုက ညဘက်ကျ နိုင်ငံခြားသားတွေအလာများတဲ့နေရာတွေမှာ ရောင်းချတဲ့ လက်ရေးလှလက်ရာတွေကနေ ရရှိနေတုန်းပါပဲ။ သူ့ရဲ့ဝင်ငွေကို ထုတ်မပြောထားပေမဲ့ အစိုးရက သူ့ကို ဆိုင်တန်းတစ်ခု အလကားပေးထားပြီး အိမ်ရာတစ်ခုမှာ နှစ်စဉ် ငှားရမ်းခ ယွမ် ၂၀၀၀ နဲ့ နေစရာပေးထားတယ်လို့ Xiaoxiang Morning Post အရ သိရပါတယ်။
လီရှောင်ယန်က ပရဟိတအလုပ်တွေမှာလည်း တက်ကြွစွာပါဝင်ပြီး ကျေးလက်ဒေသတွေမှာ စိတ်ခွန်အားဖြစ်စေတဲ့ ဟောပြောမှုတွေလုပ်တဲ့အပြင် ကျောင်းသား/သူတော်တော်များများကိုလည်း ပံ့ပိုးကူညီပါတယ်။ လက်တွေမပါတဲ့သူက အသက်ရှင်နေထိုင်ဖို့ ဘယ်လောက် အလုပ်ကြိုးစားလို့ရနိုင်လဲဆိုတာကို အခြားသူတွေ ပိုပြီးမြင်လာစေချင်တယ်လို့ သူက ဆိုထားပါတယ်။ အခုဆို လီရှောင်ယန်ရဲ့အကြောင်းကတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပုံရပါတယ်။

image