6 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲသည် ပြည်သူများ၏ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်သည့်အခင်းအကျင်း ဖြစ်သည့်အတွက် တတ်နိုင်သမျှ ဝန်းရံမည်ဖြစ်ကြောင်း DKBA ပြောကြား

စက်တင်ဘာ ၉

ရွေးကောက်ပွဲသည် ပြည်သူများ၏ ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်သည့် အခင်းအကျင်း ဖြစ်သည့်အတွက် တတ်နိုင်သမျှ ဝန်းရံပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောသည်။

DKBA မှ ဗိုလ်မှူးချုပ်စောစိန်ဝင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က မြဝတီမြို့၊ ကျောက်ခက်ကျေးရွာ ကျောက်ခက်အဆင့်မြင့်ပညာရေးကျောင်းဖွင့်ပွဲ၌ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဘယ်အစိုးရပဲလုပ်လုပ် ကျွန်တော့အမြင်ကတာ့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ရွေးထုတ်တဲ့ပွဲ အခင်းအကျင်းလို့ပဲ ကျွန်တော်မြင်တယ်။ အဲတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်တဲ့ အခင်းအကျင်းဖြစ်တဲ့အတွက် တတ်နိုင်သမျှ ဝန်းရံပေးဖို့ တာဝန်ရှိတယ်ပေါ့။ ပြည်သူတွေရဲ့ ကိုယ်စားတွေ ဖြစ်တည်လာဖို့ မျှော်လင့်တာပေါ့။” ဟု (DKBA) စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောသည်။

မိမိအဖွဲ့အနေဖြင့် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ၏ အလိုဆန္ဒနှင့် ရှေ့ဆက်ပြီး မည်သို့သွားမလဲဆိုသည်ကို ပြည်သူ့အသံနားထောင်ရမည်ဖြစ်ကြောင်း၊ ပြည်သူများက သူ၏ ကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်နိုင်ရန် အသိအမြင်ရှိလာရန်အတွက် မိမိတို့ ဝိုင်းဝန်းပြောပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အသံများကို တစ်နိုင်ငံလုံးကြားအောင် ကိုယ်စားပြု ပြောနိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းဆိုသည်မှာ အကျိုးသင့်အကြောင့်သင့် ပြောဆိုသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကရင်ပြည်နယ်နယ်ခြားစောင့်(BGF)တပ်ဖွဲ့မှလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံထားပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Credit - People Media

#centralnewsnayptitaw

image