BGF ခေါင်းဆောင် စောချစ်သူရဲ့ လုပ်ငန်းတချို့နဲ့ စီးပွားဖက် ရှီကျီကျန်း တို့ကို အမေရိကန်ပိတ်ဆို့အရေးယူ

စက်တင်ဘာ ၉

ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသမှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ပစ်မှတ် ၉ ခု ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘက်က ကြေညာပါတယ်။

စက်တင်ဘာ ၈ ရက်ထုတ်တဲ့ အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်မှာ အရှေ့တောင်အာရှက ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံဆုံးရှုံးနေရတာကြောင့် အခုလို ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ ‌ပြောထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ထိုင်းက အကျဥ်း‌ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF ( ကရင်နယ်ခြားစောင့်တပ်) အသွင်ပြောင်း KNA က ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် အရေးယူခံရတဲ့စာရင်းထဲ ပါလာပါတယ်။

ရှီကျီကျန်းရဲ့ လုပ်ငန်းတွေထဲ အကြီးဆုံးစီမံကိန်းတွေက ရွှေကုက္ကိုလ်မှာလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အထောက်အထားတွေနဲ့ ထုတ်ဖော်ထားပါတယ်။

ရွှေကုက္ကိုလ်ဒေသမှာရှိတဲ့ ရှီကျီကျန်းရဲ့ Yatai International Holding Group (Yatai IHG) က တည်ထောင်ခဲ့တဲ့ မြို့သစ်ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ဗိုလ်မှူးကြီးစောချစ်သူနဲ့ စီးပွားဖက်တွေဖြစ်တယ်လို့ U.S. Institute of Peace နဲ့ Justic For Myanmar တို့က ထုတ်ဖော်ထားပါတယ်။

လုပ်ငန်းအလိုက်အရေးယူခံရတဲ့စာရင်းမှာတော့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ ချစ်လင်းမြိုင် သတ္တုနဲ့စက်မှုလုပ်ငန်း၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီနဲ့ ချစ်လင်းမြိုင် ကုမ္ပဏီလီမိတက်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာရထိုက် အင်တာနေရှင်ဟိုးဒင်းဂရုလည်းပါသလို ရွှေကုက္ကိုဒေသလျှပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းဖြစ်တဲ့ BGF က ဗိုလ်မှူးစောတင်ဝင်းရဲ့ ရွှေမြင့်သောင်ရင်း စက်မှုနဲ့ထုတ်လုပ်မှုကုမ္ပဏီတို့လည်း အရေးယူ ပိတ်ဆို့ခံရပါတယ်။

ဒီလို အရေးယူမှုတွေဟာ ထိုင်း- မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လည်လုပ်ငန်းတွေနဲ့ဆက်စပ်ပြီး အမေရိကန် က ဒုတိယအကြိမ် ထပ်မံပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ မေလတုန်းကလည်း ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်ကတို့ကို အမေရိကန်က အရေးယူခဲ့သလို BGF အသွင်ပြောင်း KNA ကိုလည်း ရာဇဝတ်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့ပါတယ်။

Credit - BBC Burmese

#သတငိးဟင်းလေးအိုးကြီး

image