အခုမြင်တွေ့နေရတဲ့ ဓာတ်ပုံဟာ မကြာသေးမီကာလအတွင်းက James Webb Space Telescope ကြီး အသုံးပြုရိုက်ကူးထားခဲ့တဲ့ ကြယ်တာရာတစ်ခုရဲ့ဖွားမြင်သန့်စင်လာပုံဖြစ်ပါတယ်။
ဒီဓာတ်ပုံကိုတော့ Pismis 24 လို့ နာမည်ပေးထားပြီး Star cluster လို့ခေါ်တဲ့ ကြယ်တာရာအစုအဝေးတစ်ခုဆီက ကြယ်တာရာတွေ အသစ်ဖြစ်ပေါ်နေတာကို ရိုက်ယူထားတာ ဖြစ်ပါတယ်။
ကမ္ဘာနဲ့ အလင်းနှစ်ပေါင်း ၅၅၀၀ ခန့်အကွာ Lobster nebula ရဲ့ အတွင်း အလယ်ဗဟိုထဲမှာ တည်ရှိနေပြီး Scorpius Constellation နားမှာဖြစ်ပါတယ်။
ကြယ်တာရာအသစ်တွေဖြစ်ပေါ်လက်စရှိနေတဲ့နေရာတစ်ခုဖြစ်တာကြောင့် ကြယ်တွေ စတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ရင် ပညာရှင်တွေလေ့လာရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ပိုထူးခြားတာက ဒီနေရာမှာ Massive star လို့ခေါ်တဲ့ နေထက် အဆပေါင်းများစွာကြီးတဲ့ ကြယ်တွေအသစ်ဖြစ်ပေါ်နေတာမို့ စိတ်ဝင်စားလေ့လာစရာနေရာတစ်ခုလည်းဖြစ်ပါသေးတယ်။
ဒီလိုဖြစ်ပေါ်နေတဲ့ နေရာရဲ့ အလယ်ဗဟိုမှာ Pismis 24 -1 လို့နာမည်ပေးထားတဲ့ ကြယ်ကြီးဟာလည်းဖြစ်ပေါ်နေပြီး အရင်က သူ့ကို ကြယ်တစ်လုံးပဲလို့ သိထားရက အခုချိန်မှာတော့ နေထက် ၇၄ ဆ နဲ့ ၆၆ဆ အသီးသီးရှိတဲ့ ကြယ်ကြီးနှစ်လုံးဖြစ်တယ်လို့ ထပ်မံသိရှိရပါတယ်။
ဒါ့အပြင် Jame Webb တယ်လီစကုတ်ကြီးမှာ ပါဝင်တဲ့ NIR Cam ( အနီအောက်ရောင်ခြည် ကင်မရာ) များကြောင့် နောက်ထပ် ထောင်ပေါင်းများစွာဖြစ်ပေါ်နေတဲ့ ကြယ်စင်တွေကိုလည်း ရိုက်ယူရရှိနိုင်ခဲ့ပါတယ်။ အလယ်ဗဟိုက ကြယ်​စင်စုတွေကိုတော့ ပုံမှာ သိသိသာသာထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါတယ်။
နေရဲ့အပူချိန်ထက် ၈ ဆနီးပါးပိုပူတဲ့ အလွန်ပူပြင်းတဲ့ ကြယ်ပျိူနုကလေးတွေကနေ ထုတ်လွှင့်နေတဲ့ ပူပြင်းတဲ့ ဓာတ်ရောင်ခြည်တွေနဲ့ ပြင်းထန်တဲ့လေ(Stellar wind ) တွေကြောင့် ကြယ်တွေဖြစ်တည်ရာ နက်ဗျူလာ (nebula) ရဲ့ နံရံထဲကို လိုဏ်ခေါင်းတစ်ခုလို ထုဆစ်နေတာကိုလည်း ပုံမှာမြင်ရမှာပါ။
ဘေးအနားပတ်ဝန်းကျင်က Hydrogen ဓာတ်ငွေ့တွေကလည်း ဒီ Radiation လှိုင်းတွေကြောင့် အပူပေးခံနေရတာဖြစ်ပြီး သူတို့ကို တော့ အပြာရောင် သန်းနေတာကိုမြင်ရမှာပါ။
လိမ္မော်ရောင် တွေ ကတော့ ကမ္ဘာပေါ်က မီးခိုးနဲ့ ဆင်တူတဲ့ ဖုန်မှုန့်တွေပါ။အနီရောင် ကတော့ ပိုထူထပ်တဲ့ မော်လီကျူလာ ဟိုက်ဒရိုဂျင် ဖြစ်ပြီး ပိုအရောင်ရင့်လေလေ အဲ့နေရာမှာအများအပြားရှိနေပြီး ပိုထူလေလေဖြစ်စ်ပါတယ်။ဒါဟာ JWST ရဲ့ ကင်မရာတွေကဖမ်းယူပေးနိုင်ခဲ့လို အခုလိုသိရတာဖြစ်ပါတယ်။
James Webb space telescope (JWST ) ဟာ လက်ရှိကျွန်တော်တို့လူသားတွေရဲ့ ခေတ်အမီဆုံးနဲ့ ဆန်းအသစ်ဆုံး အာကာသမှန်ပြောင်းကြီးပဲဖြစ်ပြီးတော့ သူစတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ စတင်ပြီး လူသားတွေ အတွက်လေ့လာစရာ အာကာသ ပုံရိပ် ကြယ်တာရာ ဓာတ်ပုံတွေအရေအတွက် များစွာကို အခုချိန်ထိ ယူဆောင်ပေးနေဆဲပါ။
သူဖမ်းယူပေးခဲ့တဲ့ ပုံရိပ်တွေကို လေ့လာခြင်းကနေ စကြာဝဠာ အကြောင်း ကြယ်တာရာတွေရဲ့အကြောင်းကို လူသားတွေအနေနဲ့ သိပ္ပံနည်းကျ ပိုမိုနားလည်စေမှာလည်းဖြစ်ပါတယ်။

image