❝ပဲခူးမှာ ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်အတွင်း ဝင်ရောက်လုယက်ခဲ့သည့် အမျိုးသား ၃ ဦးကို KTV တွင် ဖမ်းမိ❞
စက်တင်ဘာ ၉
ပဲခူးမြို့၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင် အတွင်းသို့ ဝင်ရောက်လုယက်ခဲ့ကြသည့် တရားခံ အမျိုးသား ၃ ဦးကို KTV တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတရားခံ ၃ ဦးတို့သည် စက်တင်ဘာ ၈ ရက်၊ ညပိုင်းက “ပွင့်" ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်အတွင်းသို့ ဝင်ရောက်ကာ ပိုက်ဆံ၊ ဖုန်းနှင့် ရွှေထည်ပစ္စည်းများကို လုယက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို “FIVE STAR KTV” တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဖမ်းဆီးရမိသူများမှာ ဘုရားကြီးမြို့၊ အမှတ်(၃) ရပ်ကွက်နေသူများဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ဇင်ကို (ခ)ကိုဇင်၊ အသက် (၁၉) နှစ်အရွယ် လမင်း(ခ)ကိုငယ် နှင့် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ချင်စုအထပ်သားလမ်းနေ အသက် ၂၂ နှစ်အရွယ် နိုင်မင်းထွန်း ဆိုသူတို့ဖြစ်ကြသည်ဟု သိရပြီး ၎င်းတို့အထဲမှ လမင်း(ခ)ကိုငယ် ဆိုသူမှာ အဆိုပါဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။
#centralndwsnaypyitaw
