◼ ကလေးများနှင့်အတူ လေးနှစ်နီးပါးထွက်ပြေးတိမ်းရှောင်နေသော ဝရမ်းပြေးတစ်ဦး ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံး
လွန်ခဲ့သောလေးနှစ်နီးပါးက အိမ်ထောင်ဖက်ဟောင်းနှင့်အငြင်းပွားမှု ဖြစ်ပြီးနောက် ကလေးသုံးဦးနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့သော နယူးဇီလန်ဖခင်တစ်ဦးသည် ရဲ့တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း၊ ကလေးများ အားလုံးလည်း ဘေးကင်းကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ဆိုသည်။
ပီယိုပီယို ကျေးလက်ဒေသမြို့နယ်တွင် ဖောက်ထွင်းမှုတစ်ခုဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ချိန်တွင် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလကတည်းက နယူးဇီလန်၏ သစ်တောများအတွင်း ယခုအခါ အသက် ၉ နှစ် ၊ ၁၀ နှစ်၊ ၁၂ နှစ် ရှီပြီဖြစ်သော ကလေးသုံးဦးနှင့် လှည့်လည်တိမ်းရှောင်နေခဲ့သော တွမ်ဖိလစ် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေခဲ့သော ဖိလစ်က ရဲအရာရှိတစ်ဦးအား သေနတ်ဖြင့်အချက်များစွာ ပစ်ခတ်ခဲ့ပြီး ဦးခေါင်းတွင်ဒဏ်ရာရရှိစေခဲ့ပြီးနောက် အခြားအရာရှိတစ်ဦးက ၎င်းကိုပြန်လည်ပစ်ခတ်ခဲ့ရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
တွမ်ဖိလစ် ပစ်ခတ်ခံရချိန်တွင် ၎င်း၏ ကလေးတစ်ဦးလည်းရှိနေခဲ့ပြီး နောက်ပိုင်းတွင် အခြား ကလေးနှစ်ဦးကို အခြားနေရာတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။
သေဆုံးသူကို မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် အတည်မပြုရသေးသော်လည်း ၎င်းမှာ ဖိလစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်စိတ်ချနေသည်။
“ ကလေးတွေအားလုံး ကျန်းမာပြီး ထိခိုက်ဒဏ်ရာမရှိဘူးဆိုတာကို အတည်ပြုနိုင်ပါတယ်။ သူတို့ကို ဆေးစစ်မှုတွေလုပ်ဖို့ ခေါ်ဆောင်သွားပါမယ်” ဟု ရဲတပ်ဖွဲ့ ယာယီလက်ထောက်ကော်မရှင်နာ ရော်ဂျာစ် က ပြောကြားသည်။
‘ကတ်’ ဟုသာ နာမည်သိရသော ကလေးများ၏ မိခင်က ၎င်းအနေဖြင့် ကလေးများအတွက် စိတ်သက်သာရာရခဲ့ကြောင်း ရေဒီယိုနယူးဇီလန်ကို ပြောကြားသည်။
“ သူတို့ကို လေးနှစ်နီးပါး နေ့တိုင်း သတိရနေကြတာပါ။ အခုတော့ သူတို့ကို ချစ်ခြင်းမေတ္တာတွေ ၊ဂရုစိုက်မှုတွေနဲ့ အိမ်ကနေပြန်ပြီးကြိုဆိုဖို့ မျှော်လင့်စောင့်စားနေကြပါတယ်” ဟု မအေဖြစ်သူက ဆက်ပြောသည်။
လူသူနည်းပါးသော ဝေးလံခေါင်ဖျား မာရိုကော့ဒေသ အသိုင်းအဝိုင်းမှ ကလေးငယ်သုံးဦးနှင့်အတူ ဖိလစ်ပျောက်ဆုံးနေသောသတင်းမှာ နယူးဇီလန်ကို ဖမ်းစားခဲ့ရုံမက ကမ္ဘာ့သတင်းခေါင်းစီးများအထိ ရောက်ရှိခဲ့သည်။
၎င်းအား မြင်တွေ့ခဲ့ရသည့်သတင်းများနှင့် မိသားစုများ၏ ပန်ကြားမှုများရှိခဲ့သော်လည်း ထိခိုက်နာကျင်မှုဖြစ်စေသောဓါးပြမှု ၊ လက်နက်တရားမဝင် ကိုင်ဆောင်မှုများဖြင့် ရဲတပ်ဖွဲ့က အလိုရှိနေသော ဖိလစ်သည် ၎င်း၏နေရာအတိအကျကို သိရှိရန် အာဏာပိုင်များ၏ ကြိုးပမ်းမှုများကို စိတ်ပျက်စေခဲ့သည်။
ဖိလစ်အားနောက်ဆုံး မြင်တွေ့ခဲ့ရသောပုံရိပ်ကို လွန်ခဲ့သော သီတင်းနှစ်ပတ်တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ပြီး ကျေးလက်စတိုးဆိုင်တစ်ခုအား ၎င်း၏ ကလေးငယ်တစ်ဦးနှင့်အတူ ဖောက်ထွင်းဝင်ရောက်နေပုံရသည့်ပုံကို လုံခြုံရေးကင်မရာတွင် မြင်တွေ့ရသည်။
ယနေ့တွင် ဓါးပြမှုဖြစ်ခဲ့သော ပီယိုပီယိုဒေသသည် ကလေးများနှင့်အတူ ဖိလစ်ထွက်ပြေးတိမ်းရှောင်ခြင်းမပြုမီ နေထိုင်ခဲ့သော အနောက်ဘက်ကမ်းရိုးတန်းရှိ မာရိုကော့ ဒေသမှ တစ်နာရီခွဲခန့်သာ ဝေးကြောင်းသိရသည်။
ကိုးကား - Al Jazeera/Reuters
#နိုင်ငံတကာသတင်း