19 w - Translate

◼ ငလျင်ဒဏ်သင့် Sky Villa ကွန်ဒို၌ ရုပ်အလောင်းထပ်တွေ့
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်ဒဏ်သင့် Sky Villa ကွန်ဒို၌ ယနေ့(စက်တင်ဘာ ၈ ရက်) နံနက် ၁၁ နာရီတွင် အမျိုးသားရုပ်အလောင်းတစ်လောင်းထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ထံမှသိရသည်။
မတ်လ ၂၈ ရက်ကငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa ကွန်ဒိုအဆောက်အဦအား မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆောင် (A)၊ မြေညီထပ်မှအမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းကထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေး အသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
"မီးသတ်ကအကူညီလို့ ကျွန်တော်တို့အသင်းကသွားပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့တာပါ" ဟု မာလာမေတ္တာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ငလျင်ကြီးလှုပ်ခတ်ပြီးငါးလအကြာ Sky Villa ကွန်ဒိုပြိုကျမှုတွင်သေဆုံးခဲ့သူများကိုတစ်ဦးလျှင်‌ကရုဏာထောက်ပံ့ကြေးသိန်း ၁၀၀ ပေးမည်ဟု ယင်းကွန်ဒိုအားတာဝန်ယူဆောက်လုပ်ခဲ့သည့် NTL ကုမ္ပဏီက စက်တင်ဘာ ၂ ရက်က အသိပေးထုတ်ပြန်ထားသည်။
ယင်းသို့ ကရုဏာထောက်ပံ့ကြေးပေးအပ်မည်ဟုဆိုသော်လည်း ယင်းဆောက်လုပ်ရေး NTL ကုမ္ပဏီအနေဖြင့် သေဆုံးမိသာစုဝင်များ၏ စိတ်ပိုင်းဆိုင်ရာကျေနပ်မှုရှိအောင် တောင်းပန်ခြင်း မရှိသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများမြင့်တက် ခဲ့သည်။
လက်ရှိတွင် Sky Villa ကွန်ဒိုအဆောက်အဦမှသေဆုံးခဲ့သူများမှာ ကျား/မ ခွဲခြားမရသည့် ရုပ်အလောင်းကိုးလောင်း၊ ကလေးငယ် ၁၇ ဦး၊ အမျိုးသား ၆၈ ဦးနှင့်အမျိုးသမီး ၉၇ ဦး အပါအဝင် စုစုပေါင်းရုပ်အလောင်း ၁၉၂ လောင်းရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - mfsd
#ပြည်တွင်းသတင်း

image