6 ပတ် - ဘာသာပြန်ပါ။

◼ ယခုနှစ် ဒုတိယအကြိမ်လကြတ်ခြင်းကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှကြည့်ရှုနိုင်မည်

ယခုနှစ်အတွက် ဒုတိယအကြိမ် လကြတ်ခြင်းကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှ မနက်ဖြန် (စက်တင်ဘာ ၇ ရက်)ညပိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှဖော်ပြထားသည်။

အဆိုပါ လကြတ်ခြင်းဖြစ်စဉ်မှာ မနက်ဖြန် စက်တင်ဘာ ၇ ရက် (တော်သလင်းလပြည့်ကျော်တစ်ရက်) မြန်မာစံတော်ချိန် ည ၉ နာရီ ၅၈ မိနစ်တွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်၊မြန်မာစံတော်ချိန် နံနက် ၃ နာရီ ၂၅ မိနစ်တွင် လကြတ်ခြင်းဖြစ်စဉ်ပြီးဆုံးမည်ဖြစ်ကြောင်း၊ ကြာမြင့်ချိန်အနေဖြင့် ဖြစ်စဉ်အစအဆုံး ၅ နာရီ ၂၇ မိနစ်ခန့်ရှိမည်ဖြစ်ကာ လအပြည့်ကြတ်ခြင်းအဆင့်တစ်ခုတည်းအတွက် တစ်နာရီ ၂၂ မိနစ် ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

လကြတ်သည့်အချိန်တွင် နေရောင်မှ ကမ္ဘာ့လေထုကို ဖြတ်သွားသည့်အခါ နေရောင်ထဲတွင်ပါရှိသည့် အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသောအရောင်များသည် လေထုထဲတွင် အလင်းယိုင် သွားခြင်းကြောင့် ကျန်ရှိနေသည့်အနီရောင်ကသာ လပေါ်ကိုကျရောက်သည့်အတွက် လသည် သွေးနီရောင်ပြောင်းလဲသွားရခြင်းဖြစ်သလို ကမ္ဘာ့ လေထုထဲရှိ ဖုန်မှုန့်များ၊အမှုန်အမွှားများ နှင့် မီးခိုးများကြောင့် အနီရောင်အနေနဲ့ မြင်ရခြင်းမျိုးလည်းဖြစ်သည်။

“လပြည့်တဲ့အချိန်မှာ ကမ္ဘာဟာ နေနဲ့ လကြားကျရောက်တဲ့ အတွက်“လကြတ်”တာကလည်း လပြည့်နေ့မှာပဲဖြစ်ပေါ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်ထဲ ဝင်သွားတဲ့အတွက်လကြတ်ခြင်း ဆိုတာဖြစ်ပေါ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာက နေနဲ့လကြား ရောက်နေတဲ့အချိန်မှာ ကမ္ဘာ၊ နေ၊ လ ဟာ တစ်တန်းတည်းဖြစ်ဖို့လိုတာကြောင့် လပြည့်ညမှာသာ လကြတ်ခြင်းဖြစ်ပေါ်တာပါ။ ဒါ့အပြင် လ အမှန်တကယ်ပြည့်တဲ့ရက် သို့မဟုတ် လကြတ်ခြင်း ဖြစ်ပေါ်တဲ့နေ့ နဲ့ ကျွန်တော်တို့ ရဲ့ မြန်မာပြက္ခဒိန်ထဲ က လပြည့်နေ့ ဟာ တချို့ လတွေမှာ တရက်ကွာခြားပါတယ်။ အခု လကြတ်ခြင်းဖြစ်စဉ်ဟာ မြန်မာပြက္ခဒိန်တွေအရ တော်သလင်းလပြည့်ကျော်တစ်ရက်နေ့မှာဖြစ်ပေါ်မှာဖြစ်ပါတယ်။ လကြတ်တဲ့အချိန်မှာ မြင်ရမယ့် သွေးနီရောင်ဟာတကယ်တော့ ကမ္ဘာရဲ့ အရိပ်ကလပေါ်ကို ကျရောက်နေတာကိုကျွန်တော်တို့ မြင်ရတာပါ။ အရင်ခေတ် သိပ္ပံပညာ မတိုးတက်သေးတဲ့အချိန်မှာ လအနီရောင်ပြောင်းသွားတာကို ရှေးခေတ်က လူသားတွေအနေနဲ့ ကြောက်ရွံပြီး ဂမ္ဘီရဆန်တဲ့ အဖြစ်အပျက်လို့မှတ်ယူကြပေမယ့် အခုလက်ရှိ သိပ္ပံပညာ နဲ့ လေ့လာဆန်းစစ်ချက်တွေ အထောက်အထားအချက်အလက်တွေအရ ကောင်းကင်ထက်က လကြတ်ခြင်းဖြစ်စဉ်ဟာ နေ၊လ ကမ္ဘာ တို့လှည့်ပတ်နေကြတဲ့ သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ပေါ်ရတာဖြစ်ပြီး ကမ္ဘာပေါ်က လူသားတွေရဲ့ နိုင်ငံရေး၊ကျန်းမာရေး၊စီးပွားရေး ၊အချစ်ရေး၊ကံဆိုးကံကောင်းခြင်းဖြစ်စဉ်များနဲ့ သက်ဆိုင်မှု မရှိတာကို သိရှိနားလည်လာသင့်ပါပြီ”ဟု အဆိုပါ MASES မှ ရှင်းပြပြောဆိုထားသည်။

တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် နှစ်ခါမှ သုံးခါခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုအခါ ဒုတိယမြောက်လကြတ်ခြင်းဖြစ်ကြောင်း၊ပထမတစ်ခါလကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မမြင်လိုက်နိုင်ခဲ့သော်လည်း ယခုတစ်ခေါက်ဖြစ်ပေါ်မယ့် လကြတ်ခြင်းဖြစ်စဉ်ကိုမူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာလူဦးရေ သန်းပေါင်း ၇၀၀၀ ခန့် နေထိုင်သည့်ဒေသများတွင် မိုးလေကင်းစင်၍ ရာသီဥတုကောင်းမွန်ပါက ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရသည်။

image