◼ ယူကရိန်းမှ အနောက်တိုင်းတပ်ဖွဲ့များ မော်စကို၏ ပစ်မှတ် ဖြစ်ကြောင်း ပူတင် ခြိမ်းခြောက်ပြောဆို
ယူကရိန်းနိုင်ငံတွင် ချထားလိုက်သည့် အနောက်တိုင်းတပ်ဖွဲ့များသည် မော်စကိုက တိုက်ခိုက်နိုင်သည့် တရားဝင်ပစ်မှတ်များဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ ခြိမ်းခြောက်ပြောဆိုလိုက်သည်။
မြေပြင်၊ ရေပြင် နှင့် ဝေဟင် ကာကွယ်ရေးအတွက် နိုင်ငံတကာတပ်ဖွဲ့များ အပါအဝင် ယူကရိန်းအတွက် စစ်ပွဲအလွန်ကာလလုံခြုံရေးအာမခံချက်များ ပေးအပ်ရန် နိုင်ငံပေါင်း ၂၆ နိုင်ငံက သန္နိဌာန်ပြုခဲ့ကြကြောင်း ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန် က ပြောကြားပြီး နောက်တစ်ရက်မှာပင် ပူတင်၏ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယူကရိန်းအား စစ်ပြုရခြင်း အကြောင်းအရင်းတစ်ခုမှာ ကိဗ်အား နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ခြင်းကို တားဆီးပြီး နေတိုးတပ်ဖွဲ့များအား ယူကရိန်းတွင် ချထားခြင်းမှ ကာကွယ်ရန် ဖြစ်ကြောင်း မော်စကို ကယခင်ကတည်းက ပြောဆိုခဲ့သည်။
“ ဒါကြောင့်မို့လို့ ယူကရိန်းမှာ တပ်ဖွဲ့တချို့ရောက်လာခဲ့ရင် အထူးသဖြင့် အခုလို စစ်ဆင်ရေးဆင်နွှဲနေတဲ့အချိန်မှာရောက်လာခဲ့ရင် ဒါဟာဖျက်ဆီးပစ်ရမယ့် တရားဝင် ပစ်မှတ်တွေပဲဆိုတဲ့ အချက်ကနေ ကျွန်တော်တို့ ရှေ့ဆက်သွားမယ်” ဟု ဗလာဒီဗော့စတော့မြို့ စီးပွားရေးဖိုရမ်တစ်ခုတွင် ပူတင်က ပြောကြားသည်။
အကယ်၍ရေရှည်ငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ပြီးခဲ့လျှင်လည်း ယူကရိန်းနယ်မြေတွင် တပ်ဖွဲ့များ ချထားရန် လိုအပ်သည်ဟု မမြင်မိကြောင်းလည်း ပူတင်က ဆက်ပြောသည်။
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image