#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရှိ ကားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရ
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် စီလချာမြို့ရှိ ကားပစ္စည်းစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၆ ဦး အလုပ်ပြန်ရခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
CI နှင့် PJ စာအုပ်များ ကိုင်ဆောင်သည့် မြန်မာအလုပ်သမား ၃၆ ဦးသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် သက်တမ်းမှာ နှစ်လမှ ရှစ်လအထိ အသီးသီးရှိကြပြီး အလုပ်သမား ရပိုင်ခွင့်များကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုပြီးနောက် အလုပ်ထုတ်ခံလိုက်ရကြောင်း သိရသည်။
၎င်းတို့ထဲမှ အချို့သည်စာအုပ် သက်တမ်းတိုးရန် ပိုက်ဆံသွင်းထား ပြီး လုပ်အားခတစ်လစာရရန်ကျန်ရှိနေသေးကာ မြန်မာအလုပ်သမားများက အကူအညီတောင်းသည့်အတွက် WAG က စက်တင်ဘာ ၅ ရက်တွင် သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
WAG အဖွဲ့သားများက အလုပ်သမားများနှင့်အတူ နယ်မြေခံ အလုပ်သမား ဆဝါဒိကန်ရုံးကို သွားရောက်ခဲ့ကြပြီး အလုပ်သမားများ၏ အေဂျင်စီနှင့်ဖုန်းဆက်ညှိနှိုင်းပေးခဲ့ရာ စက်တင်ဘာ ၅ ရက်တွင် အလုပ်ပြန်လည်လုပ်ကိုင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - WAG
