အသိပါမှ အသာရ
လောကီမှာပဲဖြစ်ဖြစ် လောကုတ္တရာမှာပဲဖြစ်ဖြစ် သတိနဲ့ အသိဟာ အရေးအကြီးဆုံး။
သတိဟာတိုက်ခိုက်ရာမှာ ကျွမ်းကျင်လိမ္မာသလောက် အသိက ခုခံရာမှာ ကျွမ်းကျင်တယ်။ လူတွေ စီးပွားဝမ်းစာရှာနေကြပုံက ရုန်းရင်းဆန်ခတ်နိုင်လှတယ်။ ပြီးတော့ အတိုက်အခံလည်းများလှတယ်။ လုပ်ငန်းကြီးလာတော့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လွန်းတော့ “စီးပွားရေးစစ်ပွဲ” လို့တောင် တင်စားနေကြတယ် မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် အာရုံချင်းတိုက်ယူ ညှို့ယူနေတာတွေလည်း အာရုံချင်း စစ်ခင်းနေတာပါပဲ။ စီးပွားရေး၊ လူမှုရေး၊ သားရေး သမီးရေး၊ ချစ်ရေးကြိုက်ရေးတွေအထိ ဘယ်လိုပုံသဏ္ဍာန်နဲ့ စစ်ခင်းနေပါစေ၊ သတိနဲ့ အသိမပါရင် အဆုံးအရှုံးများမယ်။
အဲဒီမှာ ကုန်ရှုံးတော့တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်ဆိုတာလိုပဲ အာရုံကွန်ရက် တစ်ခါမက်မိရင်ဖြင့် တစ်ချက်နဲ့လည်းမပြီး တစ်သက်နဲ့လည်းမပြီး၊ အပြီးအစီးခံနေရတော့မှာမို့ သတိနဲ့အသိ မြဲမြဲမြံမြံ ရှိကြပါစေ။ မသိရင် မသာပေါ်ပြီး အသိပါမှ အသာရပါလိမ့်မယ်။
[၁၉၉၆ ခုနှစ်၊ သုဝဏ္ဏသျှမ်တောင်သြဝါဒ]
••••••••••❀••••••••••
❒ သံကောင်းမှ ဓားကောင်း
လယ်မြေ မကောင်းရင် သီးနှံကောင်း မထွက်နိုင်သလိုပဲ။ စိတ်ကောင်းမရှိဘဲ လူကောင်း မဖြစ်နိုင်ဘူး။ ဝတ်ကောင်းစားလှတွေ ဘယ်လိုပဲ ဆင်သထားပါစေ၊ စိတ်ကောင်းမရှိဘဲ လူကောင်းမဖြစ်နိုင်ဘူး။ သံကောင်းမှဓားကောင်းဖြစ်နိုင်တယ်။ သံကောင်းဖို့ မီးနဲ့ နာနာ အပူပေးပြီး ပြုပြင်ယူရသလိုပဲ စိတ်ကောင်းဖြစ်ပေါ်လာဖို့ စိတ်ဆိုး စိတ်ညံ့တွေကို သတိနဲ့ နာနာရှုမှတ်ရမယ်။ မီးကျီးရဲရဲမှာ သံခဲတင် သလိုပဲ၊ စိတ်ကောင်းလူကောင်းဖြစ်လာအောင် အတော့်ကိုပြုပြင် အားထုတ်ကြရမယ်။
[၁၉၉၈ ခုနှစ်၊ ကျောက်ထီးတောရ သြဝါဒ]
🖋️ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
📖 မောင်သွေးချွန် – လက်မိလက်ရဩဝါဒများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
