#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ဗင်နီဇွဲလား မူးယစ်စပိဘုတ်ကို အမေရိကန်တိုက်ခိုက်မှု ၁၁ ဦးသေဆုံး
အမေရိကန်တောင်ပိုင်း ကာရစ်ဘီယံပင်လယ်ကွေ့တွင် မူးယစ် ဆေးဝါးတင် စပိဘုတ်တစ်စင်းကို အမေရိကန်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်သမား ၁၁ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာ ၂ ရက်တွင် ပြောသည်။
စက်တင်ဘာ ၂ ရက်ကပြုလုပ်ခဲ့သော အမေရိကန်၏ စစ်ဆင်ရေးသည် ဗင်နီဇွဲလားနိုင်ငံမှ ထရန်ဒီအာရာဂွါမူးယစ်ဂိုဏ်းကို ဦးတည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါစပိဘုတ်သည် အမေရိကန်သို့ဦးတည်တင်ပို့မည့်တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်လျက်ရှိစဉ် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် တွေ့ရှိခဲ့ခြင်းဟု ထရန့်ကဆိုသည်။
တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ၁၁ ဦးသေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးမျှ ဒဏ်ရာမရခဲ့ကြောင်း၊ အမေရိကန်သို့ မူးယစ်ဆေးဝါးတင်သွင်းရန် ကြိုးပမ်းသူမှန်သမျှအတွက် ရှင်းလင်းသည့် သတိပေးချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စပိဘုတ်ပေါ်တွင် မူးယစ်ဆေးဝါးအမြောက်အမြား ပါဝင်သည်ဟုထရန့်ကပြောသည်။ သို့သော်မည်သည့်မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည်ကိုမူ တာဝန်ရှိသူများက ရှင်းလင်းစွာ ထုတ်ပြန်ခြင်းမရှိသေးပေ။
မူးယစ်ဆေးဝါး ကုန်ကူးမှုစွဲချက်ဖြင့် ဗင်နီဇွဲလားသမ္မတမာဒူရို ကို ဖမ်းဆီးရန်အတွက် အချက်အလက်များပေးသည့်သူကို ဒေါ်လာ သန်း ၅ဝ ချီးမြှင့်မည်ဟုကြေညာချက်အပါအဝင် အမေရိကန်သည် မာဒူရိုအား စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်ချမှတ်လျက်ရှိသည်။ အမေရိကန်၏ စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်သွားမည်ဟု မာဒူရို ကလည်း ကတိပြုထားသည်။
ဘီဘီစီ

image