ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ သာဝကကြီး၊ သာဝကငယ် အသီးသီးတို့၏ အတ္ထုပ္ပတ္တိများ၊ သက်ဆိုင်သည့် အကြောင်းခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့် ပြောပြသော ပုံစံဖြင့် ဤစာအုပ်ကို
ရေးသားထားပါသည် ။
ဤသို့ ရေးသားရခြင်းမှာ ရတနာမြတ်သုံးပါးတို့ကို အနီးကပ် ဖူးမြင်၍ ကြည်ညိုနိုင်ကြရန် ဖြစ်ပါသည် ။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းဟု ဘောင်ခတ်ထားသည့်အတိုင်း ဤစာအုပ်တွင် ညီတော်အာနန္ဒာ၏ တစ်သက်တာ အတွေ့အကြုံများ ၊ ခံစားချက်များ နှင့်
ရှုမြင်သုံးသပ်ချက်များကို အဓိကထား၍ တင်ပြပါသည် ။
စာရှုသူတို့အား တစ်ခု အသိပေးလိုပါသည် ။ ဘုရားရှင်နှင့်တကွ သာဝကများ၏ ဖြစ်စဉ်များကို ဖော်ပြရာတွင် တရားသဘောများလည်း နေရာအနှံ့အပြားမှာ ပါဝင်နေကြပါသည် ။ ဘုရားရှင်နှင့်တကွ သာဝကကြီး အသီးသီးတို့ ဟောကြားခဲ့ ၊ ဆွေးနွေးခဲ့သော တရားသဘောများကို အကွက်ဆိုက်လျှင် ဆိုက်သလို ထည့်သွင်း၍ ရေးသားခဲ့ပါသည် ။ ထို့ကြောင့် တစ်သက်တာ မှတ်တမ်းသည် တစ်နည်းအားဖြင့် ဓမ္မမှတ်တမ်းလည်း ဖြစ်နေသည်ကို တွေ့ကြရပါလိမ့်မည် ။
စာရေးသူဘက်က တင်ပြရသော် ဤသို့ဖြစ်ရခြင်းမှာ သဘာဝကျသည်ဟု ဆိုရပါမည် ။ ဤကမ္ဘာ မြေပြင်၌ ဘုရားတစ်ဆူ ပွင့်တော်မူခြင်း ဟူသည်မှာ တရားသဘောများကို ဆရာမကူ ဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းပင် ဖြစ်ပါသည် ။ ထို့နောက် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာတော် ပြုတော်မူခဲ့ခြင်းမှာလည်း မိမိကိုယ်တိုင် သိမြင်ထားသော တရားသဘောတို့ကို ဆင့်ကူး ၊ ဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးတော်မူခြင်းသာ ဖြစ်ပါသည် ။ အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊ အရှင်မဟာကဿပ စသော သာဝကကြီးများသည် လှမ်းလင့်သော
ထိုလက်တော်ကို မိမိရရ ကိုင်ဆွဲကာ ဘုရားရှင်နှင့် အတူတကွ ခေမာသောင် တစ်ဖက်ကမ်းသို့ တက်လှမ်းတော်မူခဲ့ကြပါသည် ။
ဤသို့အားဖြင့် ဗုဒ္ဓသည် ဓမ္မနှင့် ဆက်စပ်နေပါသည် ။ ထို့အတူပင် သံဃာသည်လည်း ဓမ္မနှင့် မကင်းကွာပါ ။ ဓမ္မနှင့် မကင်းကွာသော သံဃာသည် ဗုဒ္ဓနှင့်လည်း အကြောင်းဆက်လျက်သာ ရှိပါသည် ။ အမှန်အားဖြင့် ဗုဒ္ဓ ၊ ဓမ္မ နှင့် သံဃာတို့သည် အတူတကွ တွဲဖက် သီကုံးထားသည့် ရတနာပုလဲလုံးများသာ ဖြစ်ကြပါသည် ။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ ၊ သံဃာတို့၏ ဖြစ်ရပ်ဇာတ်လမ်းများနှင့်အတူ တရားသဘောများ ပါဝင်နေခြင်း ဖြစ်ပါသည် ။
ဤသို့သော သဘောကို အခြေပြုကာ သံဃာတို့၏ ဖြစ်စဉ်များကိုလည်း ဗုဒ္ဓဖြစ်စဉ်တော်ထဲမှာ ဆိုင်ရာ ၊ ဆိုင်ရာက သွတ်သွင်း၍ ဆက်စပ်၍ ရေးသားလိုက်ပါသည် ။ ဗုဒ္ဓဖြစ်စဉ်တော်တည်းဟူသော ကျောရိုး နှင့် လိုက်လျောညီထွေ ဖြစ်စေရန် သံဃာ့ဖြစ်စဉ်များကို ရှေ့ပိုင်း ၊ နောက်ပိုင်း ခွဲခြား၍ နေရာချထားပေးပါသည် ။
သို့ရာတွင် အချို့ဖြစ်စဉ်များကို တစ်ခန်းတည်းနှင့် အပြည့်အစုံ ရေးသားရန် လိုအပ်သဖြင့် အချိန်ကာလ ခုန်ကျော်မှုများ ရှိလာရပါသည် ။
ဤမှတ်တမ်းကြီး၌ အခန်းပေါင်းများစွာ ဖွဲ့စည်းရာတွင် အချို့အခန်းများမှာ ပုဂ္ဂိုလ်တစ်ပါးချင်း၏ ဖြစ်စဉ်ကို အဓိကထားကာ ထိုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဌာပနာသွင်း၍ ထားပါသည် ။
အချို့အခန်းများမှာမူ အကြောင်းအရာကို အဓိကထား၍ ထိုအကြောင်းအရာများထဲမှာ အကျုံးဝင်လာသော ပုဂ္ဂိုလ်များနှင့် ဖြစ်စဉ်များကို တစ်ပေါင်းတည်း စုစည်း၍ တင်ပြထားပါသည် ။
#ဝဏ္ဏသီရိ #ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း

image