1 ပတ် - ဘာသာပြန်ပါ။

မြစိမ်းပြာကမာရွတ်-နုနုရည်(အင်းဝ)
အမျိုးသားစာပေဝတ္ထုရှည်ဆုရ(Book Review📚)
‘မနက်ခင်းနိုးရင် ခိုကလေးများတို့ရယ်’
ခိုကလေးတွေဆိုတာ ကန်ထရိုက်တိုက်ကျဉ်းကျဉ်းလေးထဲမှာ နေနေရတဲ့ ရန်ကုန်မြို့နေသူတို့ကိုပြောတာပါ
မြစိမ်းပြာလမ်းသွယ်ထဲမှာရှိတဲ့ တိုက်အမှတ်၂၂၂သုံးထပ်တိုက်ကြီးမှာ မိသားစုငါးစုနေကြတယ်။တစ်ယောက်နဲ့တစ်ယောက်ပုံစံမတူကြဘူး။ဘဝအမျိုးမျိုး ခံစားချက်အထွေထွေပေါ့။
ခိုကလေးတွေက မနက်ခင်းဆိုထကြရပြီ။စားဖို့သောက်ဖို့အတွက်ပြင်ဆင်ရပြီ။တိုက်ခန်းကျဉ်းကျဉ်းလေးမှာ တစ်ယောက်နဲ့တစ်ယောက်မတိုက်မိအောင် ရှောင်တိမ်းရင်းရေကိုအချိန်နဲ့ချိုးရတယ်။အိမ်သာကိုလုတက်ရတယ်
မိသားစုဝင်များတဲ့သူတွေ တိုက်ခန်းကျဉ်းကျဉ်းလေးမှာစုပြုံအိပ်ကြရတယ်။တကယ်လို့များ မီးပျက်ပြီဆို တစ်တိုက်လုံးမီးသွေးနဲ့တည်ရလို့ မီးခိုးငွေ့တွေမွှန်ကုန်ကြပြီ။
ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းနဲ့နေနိုင်တဲ့သူတွေကို သေဌေးလို့ခေါ်ကြသတဲ့။အဲ့လိုရှည်မျောမျောတိုက်ခန်းကျဉ်းကျဉ်းလေးပိုင်ဖို့တောင် လတ်နဲ့ဦးသက်ဦးတို့ကအရစ်ကျလေးခါခွဲသွင်းရတယ်။ကျပန်းကျူရှင်ဆရာဖိုးအောင်နဲ့မယ်အေးတို့မိသားစုက မဝယ်နိုင်သေးလို့ တစ်နှစ်စာချုပ်နဲ့ဌားရတယ်။မြေပိုင်တဲ့သူတွေ အန်တီမေရီတို့ကျတော့ ကန်ထရိုက်ဆွဲပြီး တိုက်ခန်းဌားစားတာပေါ့လေ။
တိုက်ခန်းနေသူတွေရဲ့မီးဒုက္ခ၊ရေဒုက္ခ၊အင်္ဂတမခိုင်တဲ့တိုက်ခန်းလေးပေါ်မှာနေရတဲ့ သူတို့ရဲ့ပူပန်မှုတွေ၊နေစရာတိုက်ခန်းတိုက်ခန်းလေးမရှိတော့ရင်ဖြင့် ဘယ်မှာသွားနေရမလဲဆိုတဲ့ စိုးရိမ်သောကတွေတွေ့ရတယ်
ရန်ကုန်မြို့ရဲ့မွန်းကျပ်မှုတွေကို မြင်ရတိုင်း အညာကိုပဲ လွမ်းနေရတဲ့ဖိုးဘတင်ကြီးကလည်းချစ်ဖို့ကောင်းတယ်။ရန်ကုန်နဲ့အညာဟာ မတူရေးချမတူဘူး။ရန်ကုန်မှာအရေးကြီးတာ အဆန်မဟုတ်ဘူး။ဟန်တဲ့။အညာကလူတွေက ထမင်းကျွေးချင်ကြသလောက် ရန်ကုန်ကသူတွေက ထမင်းတစ်နပ်ကျွေးဖို့ဝန်လေးကြတယ်တဲ့။ဟုတ်နေသလားတော့မသိဘူး။ရန်ကုန်မှာက အိမ်ရှိလူဦးရေနဲ့ကွက်တိချက်တာဆိုတော့ အပိုတော့မရှိလောက်ဘူး။အုန်းထမင်းချက်ပုံကအစ မလိုင်လုံးအဆုံးရန်ကုန်နဲ့အညာမတူတာကို သေချာလေးအသေးစိတ်ပြောသွားတာ တကယ်သဘောကျဖို့ကောင်းတယ်။
သမီးတွေကို နောက်နှစ်ကျောင်းကောင်းမှာ မထားနိုင်တော့မှာစိုးတဲ့ မယ်အေးရဲ့ပူပန်မှုကလည်းမသေးလှဘူး။အပြိုင်အဆိုင်များတဲ့ ရန်ကုန်မြို့ကြီးမှာ ဘယ်သူမဆိုကိုယ့်သားသမီးကို အကောင်းတကာ့အကောင်းဆုံးကျောင်းမှာဘဲထားချင်ကြတာပေါ့။ဒါပေမယ့် ပြိုင်ဆိုင်မှုတွေနောက်ငွေအားကမလိုက်နိုင်တော့တဲ့အခါ ဘယ်တတ်နိုင်ပါတော့မလဲလေ။
ဘယ်လောက်ပဲ အကြွေးတွေပတ်လည်ဝိုင်းနေပါစေ၊ထောင်ကျနေရင်တောင်မှ လောကဓံကိုအပြုံးမပျက်ရင်ဆိုင်တတ်တဲ့ ကိုလူပျော်ကြီးကိုဝင်းအောင်လိုမျိုးစိတ်ဓာတ်မျိုးတစ်ခါတလေထားတတ်ဖို့လိုတယ်။ဘဝဆိုတာ တွေးပူနေလည်းဘာမှထူးတာမဟုတ်ပါဘူး။ဖြစ်လာမှ ရဲရဲကြီးရင်ဆိုင်လိုက်ကြတာပေါ့။
ဘဝသရုပ်ဖော်စာပေပီသစွာ မနက်လေးနာရီကနေစပြီး ညအထိတိုက်ခန်းနေလူတန်းစားတွေရဲ့ဘဝအမောတွေ၊ရုန်းကန်ရပုံတွေ၊စိုးရိမ်သောကတွေ၊တစ်တိုက်တည်းနေသူချင်းကြည့်မရဖြစ်ပုံ၊ကူညီရိုင်းပင်းကြပုံလေးတွေကို စိတ်ဝင်စားဖွယ်၊ချစ်စဖွယ်ရေးသားခဲ့တာပါ။
ဆရာမ နုနုရည်(အင်းဝ)က ‘မြစိမ်းပြာကမာရွတ်’စာအုပ်နဲ့ ၁၉၉၃ခုနှစ်မှာ အမျိုးသားစာပေဝတ္ထုရှည်ဆုရခဲ့တာပါ။
ဆရာမကဘဝသရုပ်ဖော်စာပေတွေကို ရေးသားရာမှာ နာမည်ကြီးတာမို့ အထူးတလည်ညွှန်းစရာတော့မလိုပါဘူး။ဒီစာအုပ်လေးကနေတစ်ဆင့် တိုက်ခန်းနေလူတန်းစားတို့ရဲ့ဘဝတွေ၊ခိုအိမ်လေးထဲမှာနေရင်း ရုန်းကုန်နေရမှုတွေကို ခံစားဖတ်ရှုနိုင်မှာဖြစ်ပါတယ်။လူ့ဘဝတွေကို သိချင်ရင် အပြင်ထွက်ပြီးလေ့လာမှမဟုတ်ပါဘူး။စာအုပ်တွေဖတ်ရင်းလည်း သိနိုင်ပါတယ်။လူ့သဘာဝသရုပ်ဖော်တာတွေကို ပီပီပြင်ပြင်ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဆရာမနုနုရည်(အင်းဝ)ရဲ့စာအုပ်တွေကိုဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်နော်💛💛

image