ထူးခြားတဲ့ လဆန်းည သို့ Black moon
နက္ခတ်တာရာ ပညာမှာ လရဲ့ မျက်နှာပြင်တည်နေရာ အနေအထားတွေအပေါ်မူတည်ပြီး Blood moon / super moon / blue moon လို့ခေါ်တဲ့ အသုံးအနှုန်းတွေရှိကြသလို နောက်ထပ် လူသိနည်းတဲ့ အသုံးအနှုန်းကတော့ Black moon ပဲဖြစ်ပါတယ်။
လဟာ ကမ္ဘာနဲ့နေကြားမှာ ရောက်ရှိနေတဲ့အခါ လရဲ့နေဘက်ကို မျက်နှာမူထားတဲ့ အပိုင်းဟာ နေရောင်ခြည်ကျရောက်နေမှာဖြစ်ပြီး ကမ္ဘာဘက်ကို လှည့်ထားတဲ့ မျက်နှာပြင်ကတော့ ပကတိအမှောင်ကျရောက်နေမှာဖြစ်ပါတယ်။ ဒါကိုတော့ နက္ခတ်တာရာပညာ အရ New moon လို့ ခေါ်ပါတယ်။ဒီလို New moon ဖြစ်စဉ် တစ်ချို့ကိုတော့ Black moon လို့လည်းခေါ်ပါသေးတယ် ။
Black Moon ဆိုတာဘာလဲ။
Black Moon ဆိုတာ နက္ခတ္တတာရာ တရားဝင် အခေါ်အဝေါ်တော့မဟုတ်ပါဘူး၊ ဒါပေမယ့် ပုံမှန်ကျရောက်နေတဲ့ လဆန်းည (New Moon) တွေအတွက် ပေးထားတဲ့ နောက်ထပ် နာမည်တစ်ခုပဲ ဖြစ်ပါတယ်။
Black Moon လို့သတ်မှတ်လို့ရတဲ့ ဖြစ်စဉ်နှစ်မျိုးရှိပါတယ်။
လရဲ့ လှည့်ပတ်မှုစက်ဝန်းက ၂၉.၅ ရက်လောက်ပဲရှိတာကြောင့် ရက် ၃၁ ရက်ရှိတဲ့ လတွေမှာ တစ်ခါတလေ လဆန်းနှစ်ကြိမ် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တတ်တာက ၂၉ လပတ်လည်မှာ တစ်ခါလောက်ဖြစ်ပေါ်တတ်ပါတယ်။ဒါကိုတော့ လဆန်းည သို့ Blackmoon လို့ခေါ်ပါတယ်။
နောက်တစ်မျိူးကတော့ ရာသီဥတုတစ်ခုမှာ ပုံမှန်အားဖြင့် လဆန်း ၃ ကြိမ်ပဲရှိပါတယ်။ ဒါပေမယ့် လနဲ့ နေရဲ့ အချိန်ဇယားအရ ရာသီဥတုတစ်ခုအတွင်းမှာ တစ်ခါတလေ လဆန်း ၄ ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ တတိယမြောက် လဆန်းကို Black Moon လို့ ခေါ်ဆိုပါတယ်။ ဒီအဖြစ်အပျက်ကတော့ ၃၃ လပတ်လည်မှာ တစ်ကြိမ်လောက် ဖြစ်တတ်ပါတယ်။
တစ်ချို့ မီဒီယာတွေမှာ ပြောနေသလိုမျိုး ပိုအမှောင်ကျနေမယ့်ညမျိူး၊ လကို အမဲရောင်မြင်ရမှာမျိူးတော့ မဟုတ်ပဲ ရာသီစက်ဝန်းနဲ့ ကျရောက်နေတဲ့ အကြိမ်အရေအတွက်တွေအပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ လကျရောက်မှုတွေကို အမည်ပေးထားတာမျိူးသာဖြစ်ပါတယ်။
အခုလာမယ့် ဩဂုတ်လ ၂၃ ရက်နေ့မှာ ဖြစ်ပေါ်မယ့် Black Moon ကတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ ၃၃ လပတ်လည်မှာ တစ်ကြိမ် ဖြစ်ပေါ်တဲ့ ရာသီတစ်ခုရဲ့ တတိယမြောက် လဆန်းညဖြစ်ပါတယ်။ဒီလို အမျိုးအစား နောက်ဆုံးဖြစ်ပေါ်ခဲ့တာကတော့ ၂၀၂၃ ခုနှစ်အတွင်းကဖြစ်ပါတယ်။
Black Moon ကျရောက်တဲ့အချိန်မှာ ကောင်းကင်ဟာ လမိုက်နေတဲ့အတွက် ပုံမှန်လပြည့်ညရဲ့ အလင်းရောင်ကြောင့် မှိန်နေတဲ့ ကြယ်တာရာတွေနဲ့ ( ကိုယ်ဟာ မြို့ပြအလင်းရောင်နည်းပါးတဲ့နေရာမျိူးတွေမှာ ရောက်ရှိနေတယ်ဆိုရင် Milky way နဂါးငွေ့တန်းလို )အရာဝတ္ထုတွေကို ကြယ်တာရာလေ့လာသူတွေအဖို့ ပိုပြီး ရှင်းလင်းစွာ မြင်နိုင်မှာမလို့ နက္ခတ်တာရာပညာရှင်တွေ အကြိုက်ဆုံး ညတစ်ညဖြစ်ပါတယ်။
