◼ ထိုင်းအခြေခံဥပဒေခုံရုံးကဝန်ကြီးချုပ်ပေထုန်တန်အားရာထူးမှအပြီးဖယ်ရှား
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အား ထုတ်ပယ်ရန်ဆုံးဖြတ်လိုက်သည်။
အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုများအား ကိုင်တွယ်ရာတွင် ပေထုန်တန် က ကျင့်ဝတ်စံနှုန်းများကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
ယင်းနှင့်အတူ ကမ္ဘောဒီးယားနှင့်တင်းမာမှုများ ဆက်ရှိနေစဉ် ဝန်ကြီးချုပ်သစ်တစ်ဦးအား ရွေးချယ်ရန် ထိုင်းအောက် လွှတ်တော်က လုပ်ဆောင်သွားမည်ဖြစ်သည်။
ဇွန်လက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း နှင့် လက်ရှိအထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးမှု ပေါက်ကြားသွားခဲ့ပြီးနောက် ပေထုန်တန်သည် ရာထူးမှ ဆိုင်းငံ့ခံခဲ့ရကာ ယခုအခါ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ၎င်းက ဟွန်ဆန်အားအောက်ကျို့
လွန်းပုံရခဲ့ပြီး ထိုင်းစစ်ဘက်အကြီးအကဲတစ်ဦးကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောဆိုခဲ့ပုံပေါ်ရသည်။
ထိုင်းနိုင်ငံ၏အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သော ပေထုန်တန်သည် ရာထူးရယူပြီးတစ်နှစ်အကြာမှာပင် ထုတ်ပယ်ခံရခြင်းဖြစ်ကာ ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်မိသားစုထံမှ ဆင်းသက်သူ( သို့မဟုတ်) ထောက်ခံခဲ့သူများထဲမှ စစ်ဘက် သို့မဟုတ် တရားရေးစနစ်ဖြင့် ဖယ်ရှားခံရသည့် ဆဌမမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ထောက်ခံမဲ ခြောက်မဲ ၊ ကန့်ကွက်မဲ သုံးမဲ ဖြင့် ဆုံးဖြတ်ခဲ့သော တရားရုံးဆုံးဖြတ်ချက်တွင် ပေထုန်တန်သည် နိုင် ငံ၏အကျိုးစီးပွားထက် ၎င်း၏ကိုယ်ကျိုးကို ဦးစားပေးခဲ့ပြီး ပြည်သူလူထု၏ယုံကြည်မှု ဆုံးရှုံးခြင်း ဖြစ်စေခဲ့ကြောင်း တရားရုံးက ပြောကြားသည်။
အောက်လွှတ်တော် က ဝန်ကြီးချုပ်သစ် တစ်ဦးအား ရွေးချယ်ပြီးသည့်အချိန်အထိ ဒုတိယဝန်ကြီးချုပ် ဝီချာယာချိုင်း က အစိုးရအဖွဲ့အား ယာယီတာဝန်ယူထားမည်ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား- Agencies
#နိုင်ငံတကာသတင်း
