2 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းခိုလှုံရေးစခန်းများရှိ မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရ သဘောတူ
ထိုင်းနိုင်ငံ ပြည်နယ်လေးခုရှိ ယာယီခိုလှုံရေးစခန်းများ၌ ကာလရှည်နေထိုင်နေကြရသည့် မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၂၆ ရက်တွင် အတည်ပြုခဲ့ကြောင်း ထိုင်းမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင်ရင်ဆိုင်နေရသော လုပ်သားအင်အားရှားပါးပြတ်လပ်မှုပြဿနာကို ဖြေရှင်းရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးနှုန်းကို မြှင့်တင်ရေးတို့အတွက် ထိုင်းနိုင်ငံ၌ ကာလရှည်နေထိုင်နေကြသည့်မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၂၆ ရက်တွင်ကျင်းပခဲ့သော ထိုင်းအစိုးရအဖွဲ့အစည်းအဝေးသည် ထိုင်းနိုင်ငံတွင်းရှိ ယာယီခိုလှုံရေးစခန်းများ၌ နေထိုင်နေကြရသော မြန်မာဒုက္ခသည်များအတွက် အလုပ်အကိုင်စီမံခန့်ခွဲရေးလမ်းညွှန်ချက်များကို အတည်ပြုခဲ့ကြောင်း ထိုင်းမီဒီယာများ၏ အဆိုအရသိရသည်။
အထက်ပါအစီအစဉ်ကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်၊ တက်ခ်၊ ကန်ချနာဘူရီနှင့် ရက်ချာဘူရီပြည်နယ်များရှိ ယာယီခိုလှုံရေးစခန်းကိုးခု၌ နေထိုင်နေကြရသော မြန်မာနိုင်ငံသားများအတွက်အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ချွန်ဂရွန်ကစ်က ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံတွင်းရှိ မြန်မာဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့် ပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတာဝန်ရှိသူများက ကြိုဆိုစကားပြောကြားထားသည်။
ထိုင်းအစိုးရ၏အစီအစဉ်ကြောင့် မြန်မာဒုက္ခသည်များအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်းရှိလာနိုင်မည့်အပြင် ထိုင်းနိုင်ငံ၏ စီးပွားရေးလည်း အားကောင်းလာမည်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတာဝန်ရှိသူများက ပြောကြားထားသည်။
ထိုင်းနိုင်ငံ၏ ဥပဒေများအရ ပြည်ပနိုင်ငံသားများအနေဖြင့် အလုပ် လုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်ခဲ့လျှင် သို့မဟုတ် ရရှိထားသည့် အလုပ်လုပ်ခွင့်ကာလကို ကျော်လွန်၍ အလုပ်လုပ်ခဲ့လျှင် ဒဏ်ငွေအဖြစ် ဘတ် ငွေ ၅၀၀၀ နှင့် ၅၀၀၀၀ အကြား ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှလည်း နှင်ထုတ်ခံရမည်ဖြစ်သည်။
ထိုင်းနိုင်ငံ ပြည်နယ်လေးပြည်နယ်ရှိ ယာယီခိုလှုံရေးစခန်းကိုးခုတို့၌ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူ ၄၂ဝဝဝ အထိရှိနိုင်ကြောင်း ထိုင်းတာဝန်ရှိသူများက ခန့်မှန်းထားသည်။
သည်နေးရှင်း

image