မုန်တိုင်းနောက်ဆက်တွဲ မယ်ဟောင်ဆောင် ရေကြီး၊ အသေအပျောက် ရှိ
ဧရာဝတီ၊ ဩဂုတ် ၂၇၊ ၂၀၂၅
ကာဂျီကိမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ပြည်နယ်၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ကျေးရွာအများအပြားတွင် တောင်ကျရေအရှိန်ဖြင့် ရေကြီးမှုများဖြစ်ပေါ်ကာ၊ လမ်းတံတားနှင့် အိမ်ခြေများ ပျက်စီးခဲ့သလို လူအသေအပျောက်လည်း ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရေကြီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို မဲ့ချမ်းချောင်းရေ မြင့်တက်လာသဖြင့် မဲ့ချမ်းဒေသတွင် အိမ်ခြေ ၁၀လုံး ထိခိုက်ပျက်စီးကာ မြေပြိုမှုကြောင့် လူ ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရပြီး ၁ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
မယ်ဟောင်ဆောင်ပြည်နယ်၊ ပိုင်မြို့အနီး လိုဏ်ဂူအတွင်း ရေပမာဏ မြင့်တက်လာပြီး ပိတ်မိနေသည့် နိုင်ငံခြား ခရီးသွားများနှင့် ဧည့်လမ်းညွှန် ၅ ဦးကို အာဏာပိုင်များက ကယ်ထုတ်ခဲ့ရကြောင်းလည်း သိရသည်။
လက်ရှိတွင် အဆိုပါ မြောက်ပိုင်းဒေသသို့သွားရာ လမ်းတလျောက် တောင်ကျရေကြောင့် ပျက်စီးမှုများရှိနေသဖြင့် လမ်းအချို့ ပိတ်ထားသလို ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီလျက်ရှိကြောင်း သိရသည်။

