သဘောသိတာ တရား
တရားဆိုတာအဝေးကြီးမှာ လိုက်ရှာနေရတာမျိုးမဟုတ်ပါဘူး။ တရားရှာကိုယ်မှာတွေ့တဲ့၊ ဒီခန္ဓာမှာ တရားမပြတဲ့နေ့ရယ်လို့မရှိပါဘူး။ တရားက အချိန်တိုင်းပြနေတာ၊ မကြည့်လို့မသိကြတာ။ ဆိုပါစို့၊ ထန်းလျက်စားရင်လည်း ထန်းလျက်က ထန်းလျက်တရား ဟောသွားတာပါ။
ထန်းလျက်က ချိုတယ်ဆိုတဲ့သဘောကလေး ဟောသွားပါတယ်။ အဲဒီသဘောကလေးဟာ တရားပါပဲ။ ငရုပ်သီးကလည်း စပ်တယ်ဆိုတဲ့သဘော ဟောပါလိမ့်မယ်။ ဒါပေမဲ့ လူတွေက ချိုတဲ့ စပ်တဲ့ သဘောကို မမြင်မသိကြဘဲ ထန်းလျက်ကိုစွဲ၊ ငရုပ်ကိုစွဲနဲ့ အစွဲသာ အဖတ်တင်ကျန်ခဲ့ပါတယ်။
သဲနဲ့ပစ်တာနဲ့ ခဲနဲ့ ပစ်တာခံရပုံချင်းမတူသလို ချိုတာစားတာနဲ့ စပ်တာစားတာ လျှာကို တိုက်ခိုက်ပုံချင်း မတူပေဘူး။ တစ်ခါလောက် စိတ်ဝင်စားကြည့်စမ်းပါ။ ချိုချဉ်ငန်စပ် သဘောသတ္တိကလေးတွေ နောက်ဆုံးဘယ်လိုဖြစ်သွားတယ်ဆိုတာ သတိထားကြည့်စမ်းပါ။ သဘောသိတာတရားပါပဲ။
တရားနဲ့နေပြီး တရားလုပ်နေပြီး တရားမှန်းမသိကြပါလား။
【၁.၆.၉၉ ဝါးသုံးရုံသစ်တောစခန်း သြဝါဒ】
🖋️ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
📖 မောင်သွေးချွန် – လက်မိလက်ရဩဝါဒများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
