သင်္ဘောသီးမှည့်စားခြင်းရဲ့ အကျိုးကျေးဇူးများက ဘာတွေလဲ
သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ........
သင်္ဘောသီး ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
ကရိုတီးနွိုက်အပါအဝင် သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ သက်ကြီးပိုင်းတွေ၊ ဆီးချိုဖြစ်နိုင်ခြေများသူတွေ၊ သိုင်းရွိုက် အလုပ်လုပ်တာ အားနည်းသူတွေမှာ တွေ့ရတတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းတွေကို သက်သာစေပါတယ်။
ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း
သုတေသနများအရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ကင်ဆာရောဂါကုသမှု ခံယူနေရသူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကင်ဆာဖြစ်ဖို့အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေပါတယ်။ ရင်သားကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။
နှလုံးကျန်းမာရေး ကောင်းစေခြင်း
သုတေသနအချို့အရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် C ဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများစုဟာ နှလုံးကို အထောက်အကူပြုတဲ့အပြင် HDL ကိုလက်စထရောရဲ့ အာနိသင်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။
အစာချေဖျက်အား ကောင်းစေခြင်း
သင်္ဘောသီးမှာပါဝင်တဲ့ papain အင်ဇိုင်းဟာ ပရိုတိန်းကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ သင်္ဘောသီးကို ဝမ်းမှန်စေဖို့၊ ဝမ်းချုပ်ခြင်းက ကာကွယ်ဖို့ စားသုံးကြပါတယ်။ လေပွလေထခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
အရေပြားပျက်စီးခြင်းကို ကာကွယ်ခြင်း
သင်္ဘောသီးစားခြင်းဟာ အသားအရေကို တင်းရင်းစေပြိး အရွယ်တင်နုပျိုစေပါတယ်။ အသားအရေ ပျော့တွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သတိပြုရန်
သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် မသင့်တော်ပါဘူး။ သားအိမ်ကျုံ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကလေးပျက်ကျတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါက သင်္ဘောသီးအစိမ်း စားသုံးခြင်းကြောင့်သာ ဖြစ်နိုင်ပါတယ်။ သင်္ဘောသီးအမှည့်မှာ ဒီအင်ဇိုင်းပါဝင်မှုနည်းသွားပြီး တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သင်္ဘောသီးအစိမ်းကို ရှောင်ပြီး အမှည့်ကို စားပေးနိုင်ပါတယ်။

image