2 w - Translate

စကြဝဠာ၊ သမုဒ္ဒရာအ​ကြောင်း​တွေနဲ့ ပတ်သက်လာရင် တူညီတဲ့ ​မေးခွန်း​တွေ ရှိပါတယ်။ အဲ့ဒါ​တွေက​တော့ "ဘယ်​လောက်အထိ နက်ရှိုင်းသလဲ၊ ဘယ်​လောက်များများအထိ ရှာ​ဖွေခဲ့ပြီးပြီလဲ" ဆိုတာ​တွေပါပဲ။
ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀ ရာခိုင်နှုန်းကို ​ရေ​တွေနဲ့ ဖုံးလွှမ်းထားပါတယ်။ ကမ္ဘာ​ပေါ်မှာ​ သက်ရှိ​မျိုးစိတ်​တွေ အများဆုံး​နေထိုင်လျက်ရှိတဲ့ စားကျက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီသမုဒ္ဒရာကြီးဟာ စုစုပေါင်းမျက်နှာပြင် ကျယ်ပြန့်သလို ကျွန်​တော်တို့ ထင်ထားတာထက်လည်း ပိုပြီး နက်ရိူင်းစွာတည်ရှိနေပါ​သေးတယ်။
ပထမဦးစွာ ကျွန်​တော်တို့ ပင်လယ်​ရေမျက်နှာပြင်က​နေ ​မီတာ ၂၀၀၊ ​ပေ ၆၀၀ ​ကျော်​လောက်အထိကို အရင်ဆင်းကြည့်ပါမယ်။ ဒီ​နေရာဟာ ​နေ​ရောင်ခြည်အလင်း​ရောင် ကောင်း ကောင်း ရတဲ့ ဝန်းကျင်ဖြစ်ပြီး ​ရေ​​နေသတ္တဝါအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း​လောက်က ဒီအနက်အတွင်းမှာ ကျက်စားကြပါတယ်။
သူ့ကို Sunlight Zone လို့​ခေါ် ပြီး သန္တာ​​ကျောက်တန်း​တွေ၊ လင်းပိုင်​တွေ၊ ခရု​တွေနဲ့ စတဲ့ ငါး​လေး​တွေ ​နေ​ပျော်ရာ​ဒေသပါ။ ​နေ​ရောင်ခြည်သုံး အစာချက်လုပ်နိုင်တဲ့ Phytoplankton ​ရေ​ညှိအပင်မျိုး​စိတ်​တွေကို ​ပေါ​ပေါများများ ​တွေ့နိုင်ပါတယ်။
တဖြည်းဖြည်းနဲ့ နက်လာရင် Twilight Zone လို့ ​ခေါ်တဲ့ နယ်ပယ်ကို ​ရောက်သွားမှာပါ။ ဒီဇုန်က​တော့ ပင်လယ်ရေအောက် မီတာ ၃၀၀၊ ​ပေ ၉၀၀ ​ကျော်လောက်က​နေ စပါတယ်။ ​အပေါ်ကနေလာတဲ့ နေ​ရောင်ခြည်အလင်း​တွေဟာ ​ရေ​မော်လီကျူး​တွေရဲ့ စုပ်ယူခြင်းကို ခံရတာ​ကြောင့် အလင်း​ပျံ့နှံ့မှုလည်း နည်းပါးလာပြီး၊ စတင်​ မှောက်မိုက်လာတဲ့ နယ်ပယ်ပါ။ Twilight Zone ကို ​ရောက်သွားတဲ့အခါ ​ရေရဲ့ ဖိအားကိုလည်း သိသိသာသာ ခံစားလာရပါတယ်။
​ရေငုပ်သင်္ဘော မပါဘဲ၊ ကမ္ဘာ့အနက်ဆုံး ​ရေငုပ်နိုင်ခဲ့တာဟာ ၃၃၂ မီတာအထိဖြစ်ပြီး Twilight Zone ထဲမှာပါ။ လူတစ်​ယောက်ဟာ ဒီဇုန်ထဲကို ​ရောက်တဲ့အခါ သူ့အ​ပေါ်မှာ ကားအစီး ၂၀၀ ဖိထားတာနဲ့ တူတဲ့ ​ရေဖိအားကို ခံစားရမှာ ဖြစ််ပါတယ်။
ဟုတ်ပါတယ်။ ကျွန်​တော်တို့ ချက်ချင်း မျက်မှန်းတန်းမိကြတဲ့ ​ရေ​နက်ပိုင်း​နေသတ္တဝါအများစုဟာလည်း Twilight Zone ထဲကပါ။ ဒီဇုန်ဟာ ​မှေး​မှောင်​နေပြီ ဖြစ်တဲ့အတွက်် ​ရေ​နေသတ္တဝါ​တွေက သူတို့ခန္ဓာကိုယ်က​နေ ထွက်တဲ့ ဇီဝအလင်း​ရောင်​(Bioluminescence) ​တွေကို ထုတ်လွှတ်အသုံးပြုကြပါတယ်။
ဒီထက် နည်းနည်းကို ထပ်ဆင်းသွားကြည့်မယ်ဆိုရင် လုံးဝကို ​မှောင်မိုက်လွန်းတဲ့ ​နေရာတစ််ခုဆီကို ​ရောက်သွားပါပြီ။ မီတာ ၁၀၀၀၊ ပေ ၃၀၀၀ အနက်​လောက်ကို ​ရောက်သွားရင် 'Midnight Zone' ဖြစ်သွားပါပြီ။ ​​မှောင်မိုက်လွန်းပြီး နက်ရှိုင်းလွန်းတာ​ကြောင့် အဏုဇီဝသက်ရှိ​တွေကလွဲရင် ကျန်တဲ့ သက်ရှိ​တွေကို မ​တွေ့ရသ​လောက်​တော့ပါပဲ။ အစာ​ရေစာလည်း ရှားပါးပြီး၊ ဒီနယ်ပယ်မှာ ​နေထိုင်တဲ့ သက်ရှိ​တွေဟာ ဖြည်းဖြည်းချင်း လှုပ်ရှားရင်း စွမ်းအင်ကို အတတ်နိုင်ဆုံး ​​ချွေတာရပါတယ်။
ထပ်ပြီး ဆင်းကြည့်ရ​အောင်ပါ။ Midnight Zone ပြီးရင်၊ မီတာ ၃၀၀၀(ပေ ၉၀၀၀ ​​​ကျော်) အနက်​လောက်ဟာ Abyssal Zone ပါ။ 'Abyss' ဆိုတာ နက်ရှိုင်းလွန်းတဲ့ ​ချောက်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ​ ​နေထိုင်တဲ့ သက်ရှိတွေဟာ မလှုပ်ရှား၊ မ​ရွေ့လျားသ​လောက်ပါပဲ။ လှုပ်လှုပ်ရှားရှား အမဲလိုက်ကြတာထက် ​ရေထဲမှာ ရှိ​နေတဲ့ အ​ကောင်အ​သေးအမွှား​တွေကိုပဲ စုပ်ယူစား​သောက်ကြပါတယ်။
နည်းနည်း​လောက် ထပ်ဆင်းကြည့်သွားရင် မီတာ ၄၀၀၀(​ပေ ၁၃,၀၀၀ ​ကျော်) က​နေ မီတာ ၆၀၀၀(​ပေ ၁၉,၀၀၀) နဲ့ အထက်ဟာ Hadal Zone ဖြစ်ပါတယ်။ ဒီဇုန်ထဲမှာ​တော့ ​Sea cucumber လို့ ​ခေါ်တဲ့ သက်ရှိမျိုးစိတ်​တွေ၊ Snailfish ငါးမျိုး​တွေနဲ့ တခြား​သော အဏုဇီဝသက်ရှိ​တွေ ဖြစ်တဲ့ Extremophile လို အ​ကောင်မျိုး​တွေပဲ ရှင်သန်နိုင်ကြပါတယ်။
ဒီအနက်ဆိုရင် ကျွန်​တော်တို့ မာရီယာနာ​ချောက်ရဲ့ အဆုံးကို​တောင် မ​ရောက်​သေးပါဘူး။ သမုဒ္ဒရာကြီး ဘယ်​လောက်နက်သလဲဆိုတာ ​တွေး​တောကြည့်ပါ။ လူသား​တွေဟာ သမုဒ္ဒရာကြီးရဲ့ ၅ ရာခိုင်နှုန်းကိုသာ ရှာ​ဖွေ​တွေ့ရှိထားပါ​သေးတယ်။ ကျန်တာ​တွေက​တော့ ထူးထူးဆန်းဆန်း ပ​ဟေဠိအ​နေနဲ့သာ ဆက်လက်ကျန်ရှိ​နေပါတယ်။
ဘယ်လိုပဲ ပ​ဟေဠိဖြစ်​နေပါ​စေ၊ လူသား​တွေရဲ့ စူးစမ်းလိုမှုက​တော့ သမုဒ္ဒရာကြီးထက်​တောင်မှ ပိုပြီး နက်ရှိုင်းမယ်ဆိုတာ ​သေချာတာကြောင့် ရှာဖွေလေ၊ တွေ့ရှိလေ ဖြစ်နေပါအုံးလိမ့်မယ်။
အကိုး :

image