စကြဝဠာ၊ သမုဒ္ဒရာအကြောင်းတွေနဲ့ ပတ်သက်လာရင် တူညီတဲ့ မေးခွန်းတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ "ဘယ်လောက်အထိ နက်ရှိုင်းသလဲ၊ ဘယ်လောက်များများအထိ ရှာဖွေခဲ့ပြီးပြီလဲ" ဆိုတာတွေပါပဲ။
ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖုံးလွှမ်းထားပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်တွေ အများဆုံးနေထိုင်လျက်ရှိတဲ့ စားကျက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီသမုဒ္ဒရာကြီးဟာ စုစုပေါင်းမျက်နှာပြင် ကျယ်ပြန့်သလို ကျွန်တော်တို့ ထင်ထားတာထက်လည်း ပိုပြီး နက်ရိူင်းစွာတည်ရှိနေပါသေးတယ်။
ပထမဦးစွာ ကျွန်တော်တို့ ပင်လယ်ရေမျက်နှာပြင်ကနေ မီတာ ၂၀၀၊ ပေ ၆၀၀ ကျော်လောက်အထိကို အရင်ဆင်းကြည့်ပါမယ်။ ဒီနေရာဟာ နေရောင်ခြည်အလင်းရောင် ကောင်း ကောင်း ရတဲ့ ဝန်းကျင်ဖြစ်ပြီး ရေနေသတ္တဝါအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီအနက်အတွင်းမှာ ကျက်စားကြပါတယ်။
သူ့ကို Sunlight Zone လို့ခေါ် ပြီး သန္တာကျောက်တန်းတွေ၊ လင်းပိုင်တွေ၊ ခရုတွေနဲ့ စတဲ့ ငါးလေးတွေ နေပျော်ရာဒေသပါ။ နေရောင်ခြည်သုံး အစာချက်လုပ်နိုင်တဲ့ Phytoplankton ရေညှိအပင်မျိုးစိတ်တွေကို ပေါပေါများများ တွေ့နိုင်ပါတယ်။
တဖြည်းဖြည်းနဲ့ နက်လာရင် Twilight Zone လို့ ခေါ်တဲ့ နယ်ပယ်ကို ရောက်သွားမှာပါ။ ဒီဇုန်ကတော့ ပင်လယ်ရေအောက် မီတာ ၃၀၀၊ ပေ ၉၀၀ ကျော်လောက်ကနေ စပါတယ်။ အပေါ်ကနေလာတဲ့ နေရောင်ခြည်အလင်းတွေဟာ ရေမော်လီကျူးတွေရဲ့ စုပ်ယူခြင်းကို ခံရတာကြောင့် အလင်းပျံ့နှံ့မှုလည်း နည်းပါးလာပြီး၊ စတင် မှောက်မိုက်လာတဲ့ နယ်ပယ်ပါ။ Twilight Zone ကို ရောက်သွားတဲ့အခါ ရေရဲ့ ဖိအားကိုလည်း သိသိသာသာ ခံစားလာရပါတယ်။
ရေငုပ်သင်္ဘော မပါဘဲ၊ ကမ္ဘာ့အနက်ဆုံး ရေငုပ်နိုင်ခဲ့တာဟာ ၃၃၂ မီတာအထိဖြစ်ပြီး Twilight Zone ထဲမှာပါ။ လူတစ်ယောက်ဟာ ဒီဇုန်ထဲကို ရောက်တဲ့အခါ သူ့အပေါ်မှာ ကားအစီး ၂၀၀ ဖိထားတာနဲ့ တူတဲ့ ရေဖိအားကို ခံစားရမှာ ဖြစ််ပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ ချက်ချင်း မျက်မှန်းတန်းမိကြတဲ့ ရေနက်ပိုင်းနေသတ္တဝါအများစုဟာလည်း Twilight Zone ထဲကပါ။ ဒီဇုန်ဟာ မှေးမှောင်နေပြီ ဖြစ်တဲ့အတွက်် ရေနေသတ္တဝါတွေက သူတို့ခန္ဓာကိုယ်ကနေ ထွက်တဲ့ ဇီဝအလင်းရောင်(Bioluminescence) တွေကို ထုတ်လွှတ်အသုံးပြုကြပါတယ်။
ဒီထက် နည်းနည်းကို ထပ်ဆင်းသွားကြည့်မယ်ဆိုရင် လုံးဝကို မှောင်မိုက်လွန်းတဲ့ နေရာတစ််ခုဆီကို ရောက်သွားပါပြီ။ မီတာ ၁၀၀၀၊ ပေ ၃၀၀၀ အနက်လောက်ကို ရောက်သွားရင် 'Midnight Zone' ဖြစ်သွားပါပြီ။ မှောင်မိုက်လွန်းပြီး နက်ရှိုင်းလွန်းတာကြောင့် အဏုဇီဝသက်ရှိတွေကလွဲရင် ကျန်တဲ့ သက်ရှိတွေကို မတွေ့ရသလောက်တော့ပါပဲ။ အစာရေစာလည်း ရှားပါးပြီး၊ ဒီနယ်ပယ်မှာ နေထိုင်တဲ့ သက်ရှိတွေဟာ ဖြည်းဖြည်းချင်း လှုပ်ရှားရင်း စွမ်းအင်ကို အတတ်နိုင်ဆုံး ချွေတာရပါတယ်။
ထပ်ပြီး ဆင်းကြည့်ရအောင်ပါ။ Midnight Zone ပြီးရင်၊ မီတာ ၃၀၀၀(ပေ ၉၀၀၀ ကျော်) အနက်လောက်ဟာ Abyssal Zone ပါ။ 'Abyss' ဆိုတာ နက်ရှိုင်းလွန်းတဲ့ ချောက်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနယ်ပယ်မှာ နေထိုင်တဲ့ သက်ရှိတွေဟာ မလှုပ်ရှား၊ မရွေ့လျားသလောက်ပါပဲ။ လှုပ်လှုပ်ရှားရှား အမဲလိုက်ကြတာထက် ရေထဲမှာ ရှိနေတဲ့ အကောင်အသေးအမွှားတွေကိုပဲ စုပ်ယူစားသောက်ကြပါတယ်။
နည်းနည်းလောက် ထပ်ဆင်းကြည့်သွားရင် မီတာ ၄၀၀၀(ပေ ၁၃,၀၀၀ ကျော်) ကနေ မီတာ ၆၀၀၀(ပေ ၁၉,၀၀၀) နဲ့ အထက်ဟာ Hadal Zone ဖြစ်ပါတယ်။ ဒီဇုန်ထဲမှာတော့ Sea cucumber လို့ ခေါ်တဲ့ သက်ရှိမျိုးစိတ်တွေ၊ Snailfish ငါးမျိုးတွေနဲ့ တခြားသော အဏုဇီဝသက်ရှိတွေ ဖြစ်တဲ့ Extremophile လို အကောင်မျိုးတွေပဲ ရှင်သန်နိုင်ကြပါတယ်။
ဒီအနက်ဆိုရင် ကျွန်တော်တို့ မာရီယာနာချောက်ရဲ့ အဆုံးကိုတောင် မရောက်သေးပါဘူး။ သမုဒ္ဒရာကြီး ဘယ်လောက်နက်သလဲဆိုတာ တွေးတောကြည့်ပါ။ လူသားတွေဟာ သမုဒ္ဒရာကြီးရဲ့ ၅ ရာခိုင်နှုန်းကိုသာ ရှာဖွေတွေ့ရှိထားပါသေးတယ်။ ကျန်တာတွေကတော့ ထူးထူးဆန်းဆန်း ပဟေဠိအနေနဲ့သာ ဆက်လက်ကျန်ရှိနေပါတယ်။
ဘယ်လိုပဲ ပဟေဠိဖြစ်နေပါစေ၊ လူသားတွေရဲ့ စူးစမ်းလိုမှုကတော့ သမုဒ္ဒရာကြီးထက်တောင်မှ ပိုပြီး နက်ရှိုင်းမယ်ဆိုတာ သေချာတာကြောင့် ရှာဖွေလေ၊ တွေ့ရှိလေ ဖြစ်နေပါအုံးလိမ့်မယ်။
အကိုး :

