◼ ရုရှားနှင့်ယူကရိန်းအကျဉ်းသား ၁၄၆ ဦးစီ လဲလှယ်
ယူအေအီးနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသား တစ်ဖက် ၁၄၆ ဦးစီ လဲလှယ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်းသမ္မတ တို့က ပြောကြားကြသည်။
လွတ်မြောက်လာသော ရုရှားနိုင်ငံသားအားလုံးသည် ယခုအခါ ဘီလာရုစ်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ နှင့် အခြားဆေးကုသမှုများ ခံယူနေကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယူကရိန်းက ကာ့ချ်ဒေသတွင်နေထိုင်သူ ရုရှားနိုင်ငံသားရှစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ရုရှားဝန်ကြီးဌာနက ပြောသည်။
အကျဉ်းသားလဲလှယ်မှု အထမြောက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက တယ်လီဂရမ်လူမှုကွန်ရက်မှ ပြောကြားခဲ့ပြီး လဲလှယ်သည့် အကျဉ်းသားဦးရေကို အသေးစိတ်မပြောခဲ့ပေ။
ပြန်လွတ်လာသူများ၏ရယ်ပြုံးနေသောပုံများကို ဇီလန်စကီးက တယ်လီဂရမ်တွင် တင်ထားပြီး အများစုမှာ ရုရှားက ယူကရိန်းအား အပြည့်အဝကျူးကျော်မှု စတင်ခဲ့ချိန် ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း ပြောကြားသည်။
ကျူးကျော်မှုဖြစ်ပြီး တစ်လအကြာမှာပင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ်တစ်ဦးလည်း လွတ်မြောက်ခဲ့ကြောင်း ဇီလန်စကီးက ပြောသည်။
အကျဉ်းသားလဲလှယ်မှု ဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ယူအေအီးနိုင်ငံကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးကပြောသည်။
“အလဲအလှယ်တွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ယူကရိန်းအတွက် အလဲအထပ်ရန်ပုံငွေတွေ ဆက်လက် တိုးမြှင့်နေတဲ့ ကျွန်တော်တို့ရဲ့ စစ်သားတွေကြောင့်လည်း ဒီလိုလဲလှယ်နိုင်တာ ဖြစ်နိုင်ပါတယ်” ဟု ရုရှားတပ်ဖွဲ့ဝင်များအား ဖမ်းဆီးရမိမှုကို ရည်ညွှန်း၍ ဇီလန်စကီးက ဆိုသည်။
တစ်ဖက်စီမှ အကျဉ်းသား ၁၄၆ ဦးစီ လဲလှယ်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် က ထုတ်ပြန်ချက်တစ်ရပ်တွင် အတည်ပြုပြောကြားသည်။
ကာ့ချ်ဒေသမှ အရပ်သားများအားပြန်လွှတ်ပေးရာတွင် ယူကရိန်းက နှေးကွေးလေးကန်နေကြောင်း မေလမှစ၍ တူရကီနိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ သုံးကြိမ်ကို ဦးဆောင်ခဲ့သူ ဗလာဒီမာမီဒင်စကီး က ပြောကြားသည်။
ယင်းဒေသမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက်ကျူးကျော်ခဲ့သော ရုရှားဒေသဖြစ်သည်။
ကာ့ချ်ဒေသခံ ၂၀ ကျော် အိမ်ပြန်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း မီဒင်စကီးကပြောသည်။
သုံးလကြာမြင့်လာပြီဖြစ်သော်ငြားလည်း ကာ့ချ်ဒေသတွင် နေထိုင်သူများ အိမ်မပြန်နိုင်သေးဘဲ ယူကရိန်းက အလိုရှိသူများနှင့် နည်းနည်းချင်းလဲလှယ်နေရကြောင်း မီဒင်စကီး က တယ်လီဂရမ်တွင် ရေးသားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း
