မဲဆောက်ဈေးတွင် ရန်ဖြစ်သည့်မြန်မာဈေးသည်နှစ်ဦး ဘတ်တစ်သိန်းစီ ဒဏ်ရိုက်ခံရသည့်အပြင် အခြားဈေးဆိုင်များပါ ပိတ်ရ
25 Aug 2025 By Cherry May
ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်ရှိ ဈေးကြီးအတွင်း မြန်မာဈေးသည်နှစ်ဦး ဩဂုတ် ၂၃ နှင့် ၂၄ ရက်တို့၌ နှစ်ရက်ဆက် အကြီးအကျယ်ရန်ဖြစ်ပြီးနောက် ယနေ့ ဩဂုတ်လ ၂၅ ရက်တွင် ဘတ်တစ်သိန်းစီ ဖမ်းဆီးဒဏ်ရိုက်ခံရကြောင်း သိရသည်။
ငရုတ်သီးဈေးလျှော့ရောင်းသည့်ကိစ္စအပြင် အကြွေး ဘတ် ၁၀၀၀(ကျပ် ၁၃၅,၀၀၀ ကျော်)ပေးရန်ရှိသည်တို့ကြောင့် အခြေအတင်စကားများရာမှ ရန်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်ဈေးအတွင်း ဆိုင်ခန်းဖွင့်လှစ်ထားသူများက ပြောသည်။
ဩဂုတ်လ ၂၃ ရက်နေ့က မြန်မာဈေးသည်အမျိုးသမီးနှစ်ဦး စကားများရန်ရာကနေ ထိုးကြိတ်ရန်စတင်ဖြစ်ခဲ့ပြီးနောက် မကျေနပ်နိုင်ဘဲ ဆက်လက်၍ ဩဂုတ် ၂၄ ရက်နေ့တွင်လည်း အုပ်စုအဆင့်အဖြစ် တုတ်များဖြင့် တစ်ဖက်နှင့်တစ်ဖက် ရိုက်နှက်ကြသည်အထိ ထပ်မံရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။
ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ရုပ်သံဖိုင်များ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကြားတင်မက ထိုင်းနိုင်ငံသားများအသုံးပြုကြသည့် အွန်လိုင်းပေါ်အထိ ပျံ့နှံ့သွားခဲ့ပြီးနောက် ရာနှင့်ချီသည့် ထိုင်းအာဏာပိုင်များက ယနေ့ ဩဂုတ် ၂၅ ရက် မနက်အစောပိုင်းတွင် မဲဆောက်ဈေးအတွင်း မြန်မာဆိုင်များကို ဝင်ရောက်စီးနင်းဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဈေးသည်များထံမှ သိရသည်။
“မနက်ခင်း ၆ နာရီလောက်ကတည်းက ဝင်စစ်နေတာ။ အခု(နံနက် ၈ နာရီခွဲခန့်)ပြန်သွားပြီ။ မနေ့က ရန်ဖြစ်တဲ့နှစ်ဖွဲ့ကိုတော့ ပစ္စည်းတွေလည်းသိမ်းသွားတယ်။ ဈေးရောင်းခွင့်လည်းလောလောဆယ်ပိတ်ထားတဲ့အပြင်ကို တစ်ယောက်ကို ဘတ်တစ်သိန်းစီလည်း ဆောင်လိုက်ရတယ်” ဟု မဲဆောက်ဈေးအတွင်း ဈေးရောင်ချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါနှစ်ရက်ဆက်ဖြစ်ခဲ့သည့်ရန်ပွဲကြောင့် ကာယကံရှင်များတင်မကဘဲ အခြားမြန်မာဈေးသည်များကိုပါ ထိခိုက်စေပြီး ပစ္စည်းများလည်း သိမ်းဆည်းခံခဲ့ရကြောင်း ၎င်းက ပြောသည်။
“အခုဖြစ်စဉ်ကြောင့် ဒီတစ်ပတ်ကတော့ ဈေးရောင်းဖို့အဆင်ပြေကြမှာမဟုတ်ဘူး။ အထူးသဖြင့် ပျံကျဈေးသည်တွေအတွက်ပေါ့” ဟု မဲဆောက်ဈေးအတွင်း ဈေးရောင်းနေသူ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုဖြစ်စဉ်ကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသားများဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်များစွာလည်း ပိတ်ထားရသည်ကိုတွေ့မြင်ရပြီး ရန်ဖြစ်သူများလည်း အရေးယူခံရလိမ့်မည်ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကြား ဝေဖန်မှုများမြင့်တက်လျက်ရှိပြီး အဖိနှိပ်ခံမြန်မာများအတွက် ပိုမိုတင်းကျပ်ခံရနိုင်သလို ထိုင်းအာဏာပိုင်များက အစစ်အဆေးပိုမိုပြုလုပ်လာမည်ကို မြန်မာအများစိုးရိမ်နေကြသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားဖမ်းဆီးမှုများကို ထိုင်းအာဏာပိုင်များက မကြာခဏပြုလုပ်နေပြီး တစ်ကြိမ်ထက်တစ်ကြိမ် အိမ်ထဲဝင်ရောက်စစ်ဆေးခြင်းကဲ့သို့ ပိုမိုတင်းကျပ်သည့်စစ်ဆေးမှုများပြုလုပ်လာနေကြသည့်အတွက် ထိုင်းရောက်မြန်မာအများ အနေအထိုင်ပိုမိုကျပ်တည်းလာနေရကြောင်း ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းအတွင်းမှ သိရသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းနေထိုင်သူ လေးသန်းကျော်ရှိပြီး ထက်ဝက်ကျော်ဖြစ်သည့် ၂ ဒသမ ၃ သန်းကျော်က ရွှေ့ပြောင်းလုပ်သားအဖြစ် တရားဝင်မှတ်ပုံတင်ထားကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့အစည်း(IOM)၏ စာရင်းအရ သိရသည်။
ဓာတ်ပုံ-เจมส์ จันทรา
#crd


