◾ကမ္ဘာကျော်ဂုတ်ထိပ်တံတား ဖောက်ခွဲဖျက်ဆီးခံရဟုဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတား ယနေ့(ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းက ဖောက်ခွဲခံရကာတံတားအစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်းသတင်း များအရသိရသည်။
အဆိုပါတံတားမှာ ပေပေါင်း ၂၂၀၀ ကျော်ရှည်လျားပြီး ကျောက်မဲမြို့နယ်ဘက်အခြမ်း၌ ပေ ၃၀ ဝန်းကျင်ခန့်ထိခိုက်ပျက်စီးသွားကြောင်း ထိခိုက်ပျက်စီးထားသည့်ဓာတ်ပုံမှတ်တမ်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
ယင်းဂုတ်ထိပ်တံတားထိခိုက်ပျက်စီးမှုဖြစ်စေသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့ကလုပ်ဆောင် ခဲ့သည်တို့ကို စံတော်ချိန်ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် နောင်ချို၊ ကျောက်မဲ မြို့နယ်များအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တချို့ကြား တိုက်ပွားဖြစ်ပွားမှုများရှိနေသည်။
ဂုတ်ထိပ်တံတားဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ဖြစ်စေ ယခုကဲ့သို့ ထိခိုက်ပျက်စီးအောင်လုပ်သည်ကို လက်မခံနိုင်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသခံများနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းလိုသူတို့က လူမှုကွန်ရက်တွင်ဝေဖန်ရေးသားပြောဆိုထားကြသည်။
ဂုတ်ထိပ်တံတားသည် ဒုတိယကမ္ဘာစစ်ကာလ ကိုလိုနီခေတ်နှင့်ဂျပန်ခေတ်တို့အတွင်း တံတားတိုင်များ ဖျက်ဆီးခံခဲ့ရပြီး ယခုတစ်ကြိမ်မှာ တတိယအကြိမ်စစ်ဒဏ်ကြောင့်ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သမိုင်းလေ့လာသူတစ်ဦးကပြောသည်။
“ဒုတိယကမ္ဘာစစ်ကာလတုန်းက မဟာမိတ်တွေက မြေလှန်စနစ်နဲ့ တိုင်နှစ်လုံးဖျက်ဆီးသွားသလို ဂျပန် အဆုတ်မှာလည်း တိုင်လေးလုံးဖျက်ဆီးသွားတာ” ဟု ၎င်းကပြောသည်။
မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို အင်္ဂလိပ်ကိုလိုနီအစိုးရက ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင်တည်ဆောက်ပြီးစီးကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြု ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။
ဂုတ်တွင်းဒေသရှိ ပေ ၃၀၀ ကျော် မတ်စောက်သော လျှိုနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက်ထားမှုနှင့် ဗိသုကာလက်ရာများအပါအဝင် သက်တမ်း ၁၂၀ ကျော်ရှိ ဂုတ်ထိပ်တံတားမှာ ကမ္ဘာ့အံဖွယ်တံတားများစာရင်းတွင် ထည့်သွင်းဖော်ပြခံထားရပြီး ကမ္ဘာ့လှည်းခရီးသွားများ လာရောက်လည်ပတ်သည့် အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။
#ပြည်တွင်းသတင်း
