ဆင်ခြင်စဉ်းစားဉာဏ်မရှိသော လူမျိုး
ယခုအခါ၌ ဥပုသ်စောင့်ရင်း စားသောက်ကြ၊ ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဖို့မှာ စိတ်ပျက်စရာကောင်းလှသည့်အပြင် ဘာသာခြားတို့ကမူ များစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ “ဆင်ခြင်စဉ်းစား ဉာဏ်မရှိသော လူမျိုး” ဟု အထင်သေးကြပေလိမ့်မည်။ ထို့ကြောင့် အမျိုးဘာသာ အဆင့်အတန်းမြင့်ရေးကို တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့် သတိပေးသည်။ (မဟာဂန္ဓာရုံဆရာတော်၊ ရတနာ့ဂုဏ်ရည်-၂၆၁)
❀ ပိဋကတ်တော်လာ ဥပုသ်နေ့များ
ဥပုသ်စောင့်ဖို့ရာ နေ့ရက်ကို ဘုရားပွင့်တော်မမူမီ ရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏။ တစ်လလျှင် အကျဉ်းအားဖြင့် ဥပုသ် (၄) မျိုးရှိ၏။
(၁) အဋ္ဌမီ (ရှစ်ရက်မြောက်နေ့) ဥပုသ်
(၂) စာတုဒ္ဒသီ (ရက်မစုံလအတွက် ၁၄-ရက်မြောက်နေ့) ဥပုသ်
(၃) ပန္နရသီ (ရက်စုံလအတွက် ၁၅-ရက်မြောက်နေ့) ဥပုသ်
(၄) ပါဋိဟာရိယ (အကြို/ အပို) ဥပုသ်
❀ ဘာကြောင့် ဥပုသ်စောင့်ဖို့လိုသလဲ
ဗုဒ္ဓမြတ်စွာသည် ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်းနှင့် ဥပမာ ပြ၍ ဝိသာခါအား ဩဝါဒပေးတော်မူ၏။ လဆန်း (၁) ရက်နေ့၌ နေရောင်ရှိသဖြင့် ဆံပင်သွေ့ခြောက်မည်ဟု မြင်သော အမျိုးသမီးသည် ရေချိုး ခေါင်းလျှော်၏။ ဦးခေါင်းမှာ အညစ်အကြေး သန့်ရှင်း၍ ဆံပင်လည်း သွေ့ခြောက်သောကြောင့် ဦးခေါင်းသည် သန့်ရှင်းပေါ့ပါး၏။ နောက်နောက်ရက်များ၌ ဦးခေါင်းဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ ဦးခေါင်းထက်၌လည်း ထွက်ခြင်းကြောင့် (၇) ရက်လောက်ကြာလျှင် ဦးခေါင်းသည် လေးလံလာပြန်၏၊ ထိုအခါ တစ်ကြိမ်ခေါင်းလျှော်ရပြန်၏။
ထို့အတူ လူဝတ်ကြောင်တို့၏ စိတ်၌ ရာဂ ဒေါသစသော မြူမှုန်တွေသည် ပျော်ပျော်ရွှင်ရွှင် နေစဉ်လည်း ကျရောက်၏။ အလုပ်အကိုင် လုပ်ရင်းကိုင်ရင်း ရောင်းရင်းဝယ်ရင်းလည်း ကျရောက်၏၊ ထို့ကြောင့် ထိုစိတ်အစဉ်၌ ထိုမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို အနားပေးကာ မေထုန်ကိုလည်း ရှောင်ကြဉ်ကာ ဥပုသ်စောင့်သောအားဖြင့် ဆေးကြောပစ်ရလေသည်။ တစ်နေ့တစ်ရက် စောင့်ရုံဖြင့် ကောင်းစွာ မရှင်းတတ်သောကြောင့် အကြိုရက် အပိုရက်များ၌လည်း စောင့်ရ၏။ တစ်ကြိမ်စောင့်ပြီးနောက် ၇-ရက်လောက် ကြာလျှင် ကိလေသာမြူတွေ အတော်များစွာ တင်ပြန်သောကြောင့် ဥပုသ်စောင့်၍ ဆေးကြောရပြန်သည်။ ထို့ကြောင့် ဥပုသ်စောင့်ဖို့ရက်ကို ရှေးရှေးကပင် သတ်မှတ်ထားခဲ့ကြပေသည်။
❀ ဥပုသ်နေ့ မဟုတ်ဘဲ ဥပုသ်စောင့်လို့ရသလား
ဥပုသ်စောင့်သော အလုပ်သည် ကုသိုလ်ရသော အလုပ်ဖြစ်၏။ ဥပုသ်နေ့ မဟုတ်သော်လည်း စောင့်သင့်သည်သာ။ ထို့ကြောင့် မဟာဂန္ဓာရုံဆရာတော်က “ယခုခေတ်အလိုက် ဥပုသ်နေ့မဟုတ်ဘဲ စနေ တနင်္ဂနွေ (၂) ရက်မျှ စောင့်ကြည့်လျှင်လည်း ရှေးရှေးစံချိန်ကို မီနိုင်ပါ၏” ဟု မိန့်တော်မူသည်။ (ဘာသာရေး ပြဿနာများ)
🖋️ အရှင်အဘယာလင်္ကာရ (မဟာဝိဟာရဝါသီ)
📖 ဆယ်ပါးသီလ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image