#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လက်ဘနွန်ရှိ ကုလတပ်များ၏အနာဂတ် လုံခြုံရေးကောင်စီ စတင်ဆွေးနွေး
လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များအတွက် မစ်ရှင်သက်တမ်းထပ်တိုးရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ် ၁၈ ရက်တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်သွင်းထားသော အထက်ပါဆုံးဖြတ်ချက်မူကြမ်းတွင် လက်ဘနွန်တောင်ပိုင်းမှ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များ၏ မစ်ရှင်သက်တမ်းကို တစ်နှစ်ထပ်တိုးပေးရန် အဆိုပြုထားသည်။
သို့ရာတွင် လက်ဘနွန်တောင်ပိုင်း ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များ၏ မစ်ရှင်သက်တမ်းထပ်တိုးရေးအစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့က ကန့်ကွက်ထားသည်ဆိုသော သတင်းများလည်း ပေါ်ထွက်လျက်ရှိသည်။
အလားတူ အထက်ပါအစီအစဉ်ကိုလုံခြုံရေးကောင်စီ၌ ဗီတိုအာဏာသုံးစွဲခွင့်ရှိထားသည့် အမေရိကန်ပြည်ထောင်စုက ထောက်ခံထားခြင်း ရှိ/မရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များသည် အစ္စရေးနှင့် လက်ဘနွန်တို့အကြားအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စောင့်ကြည့်ရေးအတွက် ၁၉၇၈ ခုနှစ်ကပင် လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ စတင်တပ်စွဲခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့်နှစ်အတွင်း အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အုပ်စုတို့အကြားရယူခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ လက်ဘနွန်အစိုးရက တောင်ပိုင်းဒေသသို့ အစိုးရတပ်ဖွဲ့ဝင်များ စေလွှတ် ဖြန့်ကြက်၍ ယင်းဒေသအတွင်းရှိ ဟစ်ဇ်ဘိုလာ စစ်ရေးအခြေခံအဆောက်အအုံများကို ဖျက်သိမ်းထားကြောင်း သိရသည်။
ရိုက်တာ

image