#မိဘတို့မျှော်လင့်ချက်ငါးမျိုး
______________________
#အမျှော်အမြင်ရှိတဲ့သူတိုင်း မျှော်လင့်ချက် ရှိကြတယ်။ မိဘတွေလည်း မျှော်လင့်ချက် ရှိတာပဲ။ ဆရာတွေလည်း မျှော်လင့်ချက် ရှိတာပဲ။ ခေါင်းဆောင်တွေလည်း မျှော်လင့်ချက် ရှိကြတာပဲ။ မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ၅- မျိုး ရှိကြတယ်။
၁။ သားသမီးတွေဟာ ငါတို့အသက်ကြီးတဲ့အခါ ငါတို့ကို ပြန်ကျွေးလိမ့်မယ်လို့ မိဘတွေက မျှော်လင့်ကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အိုမင်းမစွမ်း ဖြစ်တဲ့အခါ သူများကို အားကိုးရတယ်။ ဒီတော့ သူတစိမ်းကို အားမကိုးချင်ဘူး။ ကိုယ့်သားသမီးကိုပဲ အားကိုးချင်တယ်။ ဒါမှလည်း အငြိုအငြင် မခံရမှာကိုး။
၂။ သားသမီးတွေဟာ ငါတို့ရဲ့ လူမှုရေးကိစ္စ စီးပွားရေးကိစ္စတွေကိုလည်း ဆောင်ရွက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ အသက်ကြီးလာတော့ လူမှုရေးလည်း မလုပ်နိုင်တော့ဘူး၊ စီးပွားရေးလည်း မလုပ်နိုင်တော့ဘူး။ ဒီတော့ သားသမီးတွေကိုပဲ မိဘကိုယ်စား လုပ်စေချင်ကြတယ်။ ဒါလည်း သားစဥ်မြေးဆက် တိုးတက်စေချင်တဲ့ စေတနာပဲ ဖြစ်ပါတယ်။
၃။ သားသမီးတွေဟာ ငါတို့ရဲ့ မျိုးနွယ်ကိုလည်း စောင့်ကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ ဘာသာတရား ဓလေ့ထုံးတမ်း ရိုးရာ ယဥ်ကျေးမှုနှင့် ပတ်သက်ပြီး သားသမီးတွေကို ဆက်လက်ပြီး ထိန်းသိမ်းစေချင်တယ်။ လူတော်လူကောင်းလေးတွေ ဖြစ်စေချင်တဲ့ စေတနာလို့ ဆိုရမှာပါ။
၄။ သားသမီးတွေဟာ ငါတို့ရဲ့ အမွေကိုလည်း သားစဥ်မြေးဆက် ထိန်းသိမ်းကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ လယ်ယာအိုးအိမ် တိုက်တာတွေကို တန်ဖိုးထားစေချင်တယ်။ နောင်လာနောက်သားတွေအတွက် ထားရှိတဲ့ စေတနာလို့ ပြောရမှာပါ။
၅။ သားသမီးတွေဟာ ငါတို့သေတဲ့အခါ ကုသိုလ်လုပ်ပြီး ငါတို့ကို အမျှဝေကြလိမ့်မယ်လို့လည်း မျှော်လင့်ကြတယ်။ လူတိုင်းလူတိုင်း တနေ့ကျရင် သေရမှာ မဟုတ်လား။ သေတဲ့အခါ ကောင်းတဲ့ဘဝ ကူးပြောင်းတာ ရှိတယ်။ မကောင်းတဲ့ဘဝ ကူးပြောင်းတာ ရှိတယ်။ မကောင်းတဲ့ဘဝများ ကူးပြောင်းခဲ့ရင် အားကိုးရဖို့အတွက် မျှော်လင့်ချက်ထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက သောကကို ကုသိုလ်နှင့် အစားထိုးခိုင်းတဲ့သဘောလည်း ဖြစ်ပါတယ်။
#ဘာပဲဖြစ်ဖြစ် သားသမီးတွေဟာ မိဘတွေရဲ့ စေတနာကိုတော့ တန်ဖိုးထားဖို့ လိုတယ်။ ဒါမှလည်း မိဘတွေကို ကျေးဇူးဆပ်ရာ ရောက်မှာ ဖြစ်ပါတယ်။ မိဘတွေကို ကျေးဇူးဆပ်မှလည်း ကိုယ့်ဘဝဟာ ကျေနပ်စရာ ဖြစ်မယ်။ ကျေနပ်စရာ ဖြစ်မှလည်း ကိုယ်ရနေတဲ့ဘဝလေးကို "အရတော်လှ လူ့ဘဝ" လို့ ဆိုရမှာ မဟုတ်ပါလား။