◼ ANP ပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်းဈာပနရေဝေးတွင်ပြုလုပ်
ရခိုင်အမျိုးသားပါတီ(Arakan National Party-ANP) လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအေးသိန်း၏ ဈာပနအခမ်းအနားကို ယနေ့(ဩဂုတ် ၁၅ ရက်)ညနေ ၄ နာရီက ရေဝေးသုသာန်၌ပြုလုပ်ခဲ့သည်။
ဦးအေးသိန်းသည် ဆီးကျိတ်ကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး ဆေးကုသရန် ရန်ကုန်မြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းသည် ဩဂုတ် ၁၃ ရက်တွင် နေအိမ်မှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များကလူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာပို့စ်များမျှဝေခဲ့သေးသည်။
ယင်းနေ့ည ၁၀ နာရီခန့်တွင် သေဆုံးနေသည့်ရုပ်အလောင်းတစ်လောင်းကို ကမ္ဘာအေးဘုရားလမ်းပေါ် ရှိ မြကျွန်းသာကန်ဘောင်၌တွေ့ရှိကြောင်း မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါသေဆုံးသူမှာ အသက်(၇၈) နှစ်အရွယ်ရှိ ရခိုင်အမျိုးသားပါတီ(ANP) ၏လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအေးသိန်းဖြစ်ကြောင်း သေဆုံးသူ၏မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။
၎င်းကွယ်လွန်သည့်အကြောင်းအရင်းအား အတိအကျမသိရှိရသေးကြောင်း၊ လာမည့်(ဩဂုတ် ၁၉ ရက်)တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ သုဝဏ္ဏလမ်းရှိနေအိမ်၌ နံနက် ၇ နာရီမှ ၁၁ နာရီအထိရက်လည်ဆွမ်းသွတ်တရားနာခြင်းပြုလုပ်မည်ဖြစ်ကြောင်း မိသားစုဝင်များကဆိုသည်။
ဦးအေးသိန်းသည် ရခိုင်အမျိုးသားပါတီ(ANP) အဖွဲ့ဝင်ဖြစ်ပြီး စစ်တွေမြို့နယ်၏ပါတီဥက္ကဌဟောင်းတစ်ဦးဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ်တွင် စစ်တွေမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူတစ်ဦးလည်းဖြစ်သည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း