#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန် ကြေးနီစီမံကိန်းတွင် ဒေါ်လာသန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဟု မစ်ဆူဘီရှီဆို
ဂျပန်အခြေစိုက် မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် အမေရိကန် ကြေးနီတွင်း စီမံကိန်းတစ်ခုတွင် အစုရှယ်ယာ ၃ဝ ရာခိုင်နှုန်းအတွက်ဒေါ်လာ သန်း ၆ဝဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်တွင် ပြောသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ဒေါ်နယ်ထရန့်၏ အမေရိကန်အစိုးရ က ကြေးနီထွက်ကုန်များအပေါ်မကြာသေးမီက အခွန်နှုန်းမြှင့်တင်ခဲ့ပြီး နောက်ပိုင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ကနေဒါအခြေစိုက် ဟဒ်ဘေးသတ္တုတွင်းကုမ္ပဏီပိုင် ကော့ပါးဝေါ စီမံကိန်းတွင် အစုရှယ်ယာများ ဝယ်ယူမည်ဟု မစ်ဆူဘီရှီကပြောသည်။
အဆိုပါ စီမံကိန်းသည် အရီဇိုးနားပြည်နယ် တပ်ဆန်တွင်တည်ရှိပြီး ကြေးနီတူးဖော်ရေးလုပ်ငန်းကို ၂ဝ၂၉ ခုနှစ်ဝန်းကျင်တွင်စတင်ရန်စီစဉ်ထားကာ တစ်နှစ်လျှင် တန်ချိန်တစ်သိန်းအထိ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
အမေရိကန်သည် ကမ္ဘာ့ကြေးနီအသုံးပြုမှုတွင် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
လူဦးရေတိုးတက် မှု၊ ဉာဏ်ရည်တု စက်မှုလုပ်ငန်း၏ စွမ်းအင်လိုအပ်ချက် မြင့်တက်လာမှုနှင့် လျှပ်စစ်မော်တော်ယာဉ်များသို့ ကူးပြောင်းလာမှုတို့ကြောင့် ကြေးနီအရေးပါမှု ပိုမိုမြင့်တက်လာမည်ဟု မစ်ဆူဘီရှီကခန့်မှန်းထားသည်။
အင်န်အိတ်ချ်ကေ