◼ ငြိမ်းချမ်းရေးအတွက်ပူတင်အသင့်ဖြစ်ပြီဟုယုံကြည်ကြောင်းနှင့်ဇီလန်စကီးပါဝင်လာရန်မျှော်လင့်ကြောင်း ထရန့်ပြော
ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အသင့်ဖြစ်နေပြီဟု ၎င်းအနေဖြင့် ယုံကြည်သော်လည်း ငြိမ်းချမ်းရေးအတွက်ဆိုလျှင် ယူကရိန်းခေါင်းဆောင်လည်း ပါဝင်သည့် ဒုတိယအစည်းအဝေးတစ်ရပ် လိုအပ်နိုင်ကြောင်း ရုရှားသမ္မတနှင့် သောကြာနေ့ အလာစကာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားသည်။
အနာဂတ်တွင် ယူကရိန်းအား ထပ်မံ တိုက်ခိုက်မှုဖြစ်ပေါ်လာစေနိုင်သည့် သဘောတူညီချက်မျိုး အမေရိကန်-ရုရှားထိပ်သီးတွေ့ဆုံပွဲမှ ထွက်ပေါ်မလာစေရေး သေချာစေရန် ယူကရိန်းသမ္မတ ဇီလန်စကီး နှင့် ဥရောပမဟာမိတ်များက ယခုသီတင်းပတ်အတွင်း အထူးကြိုးပမ်းခဲ့ကြသည်။
“ သမ္မတ ပူတင် က ငြိမ်းချမ်း‌ရေးယူမယ်လို့ ထင်ပါတယ်။ သမ္မတ ဇီလန်စကီးလည်း ငြိမ်းချမ်းရေးယူမယ်လို့ ထင်ပါတယ်။ သူတို့ နှစ်ယောက် အဆင်ပြေမလား ကြည့်ကြတာပေါ့။” ဟု ‌ဒေါ်နယ်ထရန့်က အိမ်ဖြူတော်တွင် သတင် းထောက်များအား ပြောကြားသည်။
ထိပ်သီးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲမှု ထွက်ပေါ်လာနိုင်ခြေကို ထရန့်က လျှော့ပေါ့ပြောဆိုပြီး အခြားခေါင်းဆောင်များပါ ပါဝင်မည့် ဒုတိယအစည်း အဝေးတစ်ရပ် လိုအပ်နိုင်ကြောင်း ပြောဆိုသည်။
“ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပိုပြီးအရေးကြီးမှာက ဒုတိယအစည်းအဝေးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်အပါအဝင် သမ္မတပူတင်၊ သမ္မတ ဇီလန်စကီးတို့နဲ့ အစည်းအဝေးလုပ်သွားပါမယ်၊ ဥရောပခေါင်းဆောင်တွေ ပါချင်လည်း ပါမယ် ၊ မပါရင်လည်း မပါနိုင်ဘူး။ ကျွန်တော်လည်း မသိဘူး။” ဟု ထရန့် က ဆက်ပြောသည်။
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်၊ အန်ကာရေ့ချ်မြို့၌ ထရန့်နှင့် အစည်းအဝေး အတွက် ပြင်ဆင်ရင်း ရုရှားသမ္မတ က ၎င်း၏ ဝန်ကြီးများ၊ လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံစည်းဝေးခဲ့သည်။
ရန်လိုမှုများနှင့်ပဋိပက္ခကိုရပ်တန့်ပြီး ယခုပဋိပက္ခတွင်ပါဝင်သော သက်ဆိုင်သူအားလုံးနှင့် သဘောတူညီချက်များရရှိရေးအတွက် အမေရိကန်က အားကြိုး မာန်တက်နှင့် ရိုးသားသောကြိုးစားမှုများ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း ရုပ်သံမှပြောကြားသော မှတ်ချက်များတွင် ပူတင်က ဆိုသည်။
အကယ်၍ ရှေ့လာမည့်အဆင့်များတွင် မဟာဗျူဟာမြောက် ထိုးစစ်လက် နက်ကြီးများ ထိန်းချုပ်ရေး နယ်ပယ်တွင်ပါ သဘောတူညီချက်များ ရရှိခဲ့ပါက ၎င်းတို့နှစ်နိုင်ငံကြား ၊ ဥရောပနှင့် ကမ္ဘာကြီးအတွက်ပါ ရေရှည်ငြိမ်းချမ်းရေး အ ခြေအနေများ ဖန်တီးရန် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပူတင် က ပြောသည်။
ထရန့်နှင့်တွေ့ဆုံချိန်တွင် လုံခြုံရေးနှင့်ပတ်သက်၍ ကျယ်ပြန့်သော ဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယားလက်နက်ထိန်းချုပ်ရေးကိုပါ ရုရှားက ဆွေးနွေးသွားနိုင်ကြောင်းလည်းပူတင်၏ မှတ်ချက်များက ပြသနေသည်။
သမ္မတပူတင်နှင့် ထရန့်သည် ရုရှားနှင့်အမေရိကန်ကြား ကြီးမားသောအလား အလာရှိသည့် စီးပွားရေးဆက်ဆံမှု အကြောင်းကို ဆွေးနွေးသွားနိုင်ကြောင်းလည်း ကရင်မလင်အရာရှိကြီးတစ်ဦး က ပြောသည်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေးတိုးတက်မှု သို့မဟုတ်လည်း စီးပွားရေးဆက်စပ်ကိစ္စများဖြင့် ပူတင်က ထရန့်အား ယူကရိန်းကိစ္စမှ အာရုံလွဲသွားအောင် လုပ်ဆောင်သွားနိုင်ကြောင်း အကဲဆတ်သော အကြောင်း အ ရာကြောင့် အမည်မဖော်လိုသည့် အရှေ့ဥရောပ အရာရှိကြီးတစ်ဦး က ရိုက်တာသတင်းဌာနအား ပြောကြားသည်။
“ထရန့်အနေနဲ့ ရုရှားတို့ အရူးလုပ်တာ မခံရဖို့ မျှော်လင့်ပါတယ်။ ဒါတွေအားလုံး အန္တရာယ်များတယ်ဆိုတာ သူသိပါတယ်။” ဟု အဆိုပါအရာရှိကြီးကပြောကြားပြီး ရုရှားတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ တားဆီးပိတ်ဆို့မှုအသစ်များကို ရှောင်လွှဲနိုင်ရေး နှင် လက်ရှိတားဆီးပိတ်ဆို့မှုများ ဖယ်ရှားမှုရရေး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image